ချယ်ရီပန်းပွဲတော်(၂၀၂၅)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊လွိုင်မွေဒေသ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ချယ်ရီပန်းပွဲတော်(၂၀၂၅)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။
ဆက်လက်၍ ချယ်ရီပန်းပွဲတော်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အသေးစား၊ အငယ်စား၊ အလတ်စား MSME ထုတ်ကုန်ပြပွဲ ကိုယ်စား အာခါတိုင်းရင်းသား ကိုယ်စားလှယ် ဦးမင်းညို က ကျေးဇူးတင်စကားပြောကြားပြီး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာ အကများနှင့် တေးသံသာများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။ ၎င်းနောက် ချယ်ရီပန်းပွဲတော်တွင် ကပြဖျော်ဖြေပေးကြသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြပြီး ချယ်ရီပန်းပွဲတော်တွင် ပြသ ရောင်းချကြသည့် ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။