သမိုင်းဝင် ဒလသင်္ဘောကျင်း နှစ်(၁၅၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ ဇန်နဝါရီ - ၁

Wednesday, January 1, 2025 - 17:00

    ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ သမိုင်းဝင် ဒလသင်္ဘောကျင်း နှစ်(၁၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက် ရောက် အမှာစကားပြောကြားသည်။ 

    အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒလသင်္ဘော ကျင်းမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
    ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒလသင်္ဘောကျင်းသို့ ရောက်ရှိကြရာ ဒလသင်္ဘောကျင်းမှ မိသားစုဝင် ကလေးငယ်လေးများက ကြိုဆိုနှုတ်ဆက်ကြသည်။
    ယင်းနောက် သမိုင်းဝင် ဒလသင်္ဘောကျင်းနှစ်(၁၅၀)ပြည့် အခမ်းအနားအား ဂုဏ်ပြုသောအားဖြင့် ၁၉၀၈ ခုနှစ်တွင် တည်ဆောက်ထားခဲ့ပြီး ပြန်လည်အဆင့်မြှင့် တင် မွမ်းမံတည်ဆောက်ထားသော အမှတ်-၁ လွန်းလမ်း၊ လွန်းလှည်းအသစ်နှင့် တန်-၁၅၀၀ တွဲရေယာဉ်အသစ်တို့အား ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
    ဆက်လက်၍ သမိုင်းဝင် ဒလသင်္ဘောကျင်း နှစ်(၁၅၀) ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ၁၈၇၅ ခုနှစ်က တည်ဆောက်ထားခဲ့သော ဒလသင်္ဘောကျင်း၏ သမိုင်းဝင်ရှေးဟောင်းဒီဇယ်စက်ပြင်အလုပ်ရုံအား ရှေးမူမပျက် အကြီးစားပြန်လည်မွမ်း မံပြီးစီးမှု ကမ္ပည်းမော်ကွန်းကျောက်စာနှင့် သမိုင်းဝင်အဆောက်အဦဆိုင်းဘုတ်တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ခ လုပ်နှိပ်ဖွင့် လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေး ပါသည်။
    ထို့နောက် သမိုင်းဝင် ဒလသင်္ဘောကျင်း နှစ်(၁၅၀) ပြည့်အထိမ်းအမှတ် အခမ်းအနားကို ရှေးဟောင်းဒီဇယ်စက်ပြင်အလုပ်ရုံအတွင်း ကျင်းပပြုလုပ်ရာ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အခမ်းအနား တက်ရောက်လာကြသူများသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနှင့် သမိုင်းဝင်ဒလ သင်္ဘောကျင်း နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် မှတ်တမ်း Video Clip ကိုကြည့်ရှုကြ သည်။
    ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားရာတွင် ဒလသင်္ဘောကျင်းသည် မြန်မာနိုင်ငံ၏ ရေကြောင်းကဏ္ဍသမိုင်းကို အစပျိုးခဲ့သည့် သင်္ဘောကျင်းတစ်ခုဖြစ်ခြင်းကြောင့် အစဉ် အလာကြီးမားသည့် သမိုင်းဝင်သင်္ဘောကျင်းတစ်ခုဟု ဆိုရမည်ဖြစ်ကြောင်း၊ သမိုင်း အထောက်အထားများအရ "ခေတ်မီသင်္ဘောကျင်း အစ ဒလ က" ဟု ခေါ်ဆို မှတ်တမ်း တင် မော်ကွန်းပြုရမည့် သင်္ဘောကျင်းလည်း ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို အခုကဲ့သို့ ကျင်းပရခြင်းဖြစ်ကြောင်း။
    မြန်မာနိုင်ငံ၏ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ကိုလိုနီခေတ် ဧရာဝတီ ဖလော်တီလာကုမ္ပဏီမှ သန္ဓေတည်လာခဲ့သည့် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ ဧရာဝတီဖလော်တီလာ ကုမ္ပဏီသည် ဒလသင်္ဘောကျင်းကို ၁၈၇၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ကုမ္ပဏီ၏ အုပ်ချုပ်မှုအောက်ကို စတင်ထည့်သွင်း ခဲ့သည်ကို တွေ့ရကြောင်း၊ ၁၉၄၈ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ဧရာဝတီဖလော်တီလာ ကုမ္ပဏီကို နိုင်ငံပိုင်ပြုလုပ်ခဲ့သည့်အတွက် ဒလသင်္ဘောကျင်းသည် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၏ သမိုင်းစဉ်နှင့်အတူ ယှဉ်တွဲတည်ရှိရှင်သန်ခဲ့သည့် နိုင်ငံပိုင် သင်္ဘောကျင်း တစ်ခုဖြစ်လာခဲ့ကြောင်း။
    ဧရာဝတီဖလော်တီလာကုမ္ပဏီမှ မြစ်ဖျားခံပေါ်ပေါက်လာခဲ့သည့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၏ ဒလသင်္ဘောကျင်းသည် ကုန်းဘောင်ခေတ်၊ အင်္ဂလိပ် ကိုလိုနီခေတ်၊ ဂျပန်ခေတ်စသည်များကို အောင်မြင်စွာ ဖြတ်သန်းကျော်လွှားခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီး ကာလမှယနေ့ထက်တိုင် အစိုးရအဆက်ဆက် နိုင်ငံတော်၏ စီမံကိန်းများစွာတွင် ပို့ဆောင်ရေးကဏ္ဍအတွက် လိုအပ်သည့်ရေယာဉ်များ တည်ဆောက် ပေးခြင်းနှင့် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများနှင့်အတူ အထောက်အကူ ပြုခဲ့သည်ကို တွေ့ရကြောင်း။
    ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒလသင်္ဘောကျင်းသည် သမိုင်းဝင်ရှေးကျ သည့် သင်္ဘောကျင်းတစ်ခုဖြစ်သကဲ့သို့ လက်ရှိကာလအထိ သင်္ဘောကျင်းအတွင်း၌ ရှေးဟောင်းအဆောက်အဦ၊ အလုပ်ရုံ၊ စတိုဂိုဒေါင်များ၊ လွန်းကျင်း လွန်းလမ်းများ ကျန်ရှိနေသေးသည်ကိုလည်း တွေ့မြင်ရကြောင်း၊ ၁၈၈၀ ပြည့်နှစ် မတိုင်မီကတည်းက တည်ဆောက်ခဲ့သည့် ရှေးဟောင်းဒီဇယ်စက်ပြင်အလုပ်ရုံ အဆောက်အအုံကြီးသည် လည်း တည်ရှိဆဲဖြစ်ပြီး ၁၉၂၀ ပြည့်နှစ် မတိုင်မီက တည်ဆောက်ခဲ့သည့် အလုပ်ရုံများ၊ အဆောက်အအုံများ များစွာကျန်ရှိနေသေးသည်ကိုလည်း တွေ့မြင်ရကြောင်း၊ ယခု ကဲ့သို့သမိုင်းဝင်အဆောက်အအုံများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက် ပြီး လက်ရှိကာလအထိ အသုံးပြုနေဆဲဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မှုများအတွက် အသိအမှတ်ပြု ဂုဏ်ယူမိကြောင်းကိုလည်း ပြောကြားလိုကြောင်း။
    နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများတွင် ပို့ဆောင်ရေးကဏ္ဍသည် အလွန်အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အဆိုပါပို့ဆောင်ရေးကဏ္ဍများထဲတွင် ရေကြောင်း ပို့ဆောင်ရေးသည် ခရီးသွားပြည်သူ များ၏ သယ်ယူပို့ဆောင်ရေး (Public Transport) လုပ်ငန်းစဉ်နှင့်အတူ ကုန်စည် ပို့ဆောင်မှု မှန်ကန်မြန်ဆန်စေရေးအတွက် တာဝန်ယူရသည့် ကဏ္ဍလည်းဖြစ်ကြောင်း။
    နိုင်ငံတော်၏ လမ်းပန်းဆက်သွယ်ရေးတွင် လေယာဉ်ကွင်းများ၊ လေယာဉ်ပြေး လမ်းများ၊ ကားလမ်း၊ ရထားလမ်းများ၊ ချောင်းကူး၊ မြစ်ကူးတံတားများကို ကွန်ရက်ဖြစ်အောင် တည်ဆောက်ခဲ့သဖြင့် လက်ရှိကာလ ခရီးသည်ပို့ဆောင်ရေး အတွက် ရေယာဉ်လိုအပ်ချက် နည်းပါးလိမ့်မည်ဟု ယူဆစရာရှိကြောင်း၊ သို့သော် ကုန်စည်ပို့ဆောင်မှု အပိုင်းတွင် ရေလမ်းမှပို့ဆောင်ခြင်းသည် ကုန်စည်ပမာဏ များစွာ ကို တစ်စုတစ်စည်းတည်း ပို့ဆောင်နိုင်ပြီး ကုန်ကျစရိတ်ပိုမို သက်သာနေဆဲဖြစ်သည် ကို တွေ့ရကြောင်း၊ နိုင်ငံတကာတွင်လည်း ရေကြောင်းသယ်ယူပို့ဆောင်ရေးကို အလေးထားဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမြောက် ဖျားမှ တောင်ဘက် ဧရာဝတီမြစ်ဝှမ်းအထိ ကူးသန်းသွားလာမှုများစွာ အထောက် အကူပြုနေသည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်များကို ရာသီမရွေးထိထိ ရောက်ရောက် အသုံးချနိုင်အောင်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊  ပင်လယ်လမ်းကြောင်းတစ်လျှောက် ကူးသန်းသွားလာမှုမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်စည်ပို့ဆောင်ရေး အတွက်လိုအပ်မည့် ဈေးကွက်ဝင်၊ စီးပွားရေးတွက်ချေကိုက်သည့် ကုန်တင်ရေယာဉ်၊ ကုန်တင်တွဲ၊ တွန်းရေယာဉ်၊ ကွန်တိန်နာတင်ရေယာဉ်များကို ထိန်းသိမ်းပြုပြင်ခြင်း၊ ပိုမိုတည်ဆောက်ခြင်းတို့ဖြင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ပေးရမည်ဖြစ် ကြောင်း။
    နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးကဏ္ဍသည် အဓိကကျ ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရေကြောင်းကဏ္ဍမှ ထောက်ပံ့ပေး နိုင်ရန်တီထွင်ကြံဆမှုများ၊ မြစ်တွင်းရေကြောင်းပို့ဆောင်ရေးမှ ကမ်းရိုးတန်း ရေကြောင်းပို့ဆောင်ရေး၊ မြစ်တွင်းကုန်စည်ပို့ဆောင်မှုမှ ကမ်းရိုးတန်းခရီးစဉ်နှင့် ရေကြောင်း ကုန်စည်ပို့ဆောင်မှု၊ ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်မှု၊ ကမ်းရိုးတန်း 
ခရီးစဉ်ဖြင့် မြစ်တွင်းခရီးစဉ်ပေါင်းစပ်ပြီး ရေကြောင်းကုန်စည် ပို့ဆောင်မှုစနစ်များ ပိုမိုထိုးဖောက် တိုးမြှင့်ပို့ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ကြရမည်လည်း ဖြစ် ကြောင်း၊ ရေရှည်မျှော်မှန်းပြီး ဒလသင်္ဘောကျင်းကဲ့သို့ သင်္ဘောကျင်းများမှ လိုအပ် သည့် ရေယာဉ်များကို တည်ဆောက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံပိုင်သင်္ဘောကျင်း များအနေဖြင့် ရေရှည်ကိုမျှော်မှန်းပြီး  စွမ်းဆောင်ရည် ပိုမိုမြင့်မားစွာဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
    သင်္ဘောခုတ်မောင်းသွားလာရန် အင်ဂျင်များသည် ကျောက်မီးသွေးသုံး ဘွိုင်လာမှ ဒီဇယ်အင်ဂျင်အထိ နည်းပညာပိုင်းအရပါ ပြောင်းလဲလာကြောင်း၊ အလားတူ ယနေ့ကာလတွင် ကုန်းလမ်းပို့ဆောင်ရေးယာဉ်များ၌ လျှပ်စစ်၊ ဘက်ထရီ စသည်ဖြင့် စွမ်းအားများ အသုံးပြုနေပြီဖြစ်သည့်အတွက် သင်္ဘောများတွင်လည်း ဘက်ထရီ စွမ်းအင်စနစ်ဖြင့် အသုံးပြုနိုင်ရေး သုတေသနပြုဆောင်ရွက်ရန် တိုက်တွန်းလို ကြောင်း။
    ရုပ်ဝတ္ထုပိုင်းအနေဖြင့်လည်း သင်္ဘောကျင်းများတွင်ရှိသည့် ရေယာဉ်တည် ဆောက်မှုဆိုင်ရာ လွန်းကျင်းလွန်းလမ်းများ၊ စက်ကိရိယာပစ္စည်းများ၊ တည်ဆောက် ရေးအလုပ်ရုံများ၊ ဝန်ချီစက်နှင့်ယာဉ်ယန္တရားများ၊ သင်္ဘောကျင်းလမ်းများ၊ လွန်းတင်မှု စနစ်များ၊ ရေယာဉ်ဒီဇိုင်းပြုစုမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့်တကွ လိုအပ်ချက် များကို နိုင်ငံတကာစံသတ်မှတ်ချက်များနဲ့အညီ ဖြည့်ဆည်းပြင်ဆင်ထားရမည် ဖြစ် ကြောင်း။
နိုင်ငံတော်အတွင်း ရေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သမိုင်းဝင်သင်္ဘော ကျင်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ရေကြောင်းဆိုင်ရာ ဌာနအဖွဲ့အစည်း အသီးသီးတို့ ပေါင်းစပ်ကြပြီး နိုင်ငံပိုင်သင်္ဘောကျင်းများအချင်းချင်း ရေယာဉ်တည် ဆောက်မှုဆိုင်ရာ နည်းပညာဖလှယ်မှု၊ နည်းပညာဖြန့်ဝေမှုများ ပြုလုပ်ကြပြီး ရေကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရေကြောင်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်ကြရန်၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအနေနှင့် မြစ်တွင်းသယ်ယူ ပို့ဆောင်ရေးသာမက ကမ်းရိုးတန်းရေယာဉ် များနှင့် ကမ်းရိုးတန်းကုန်စည်ပို့ဆောင်ရေး၊ ကမ်းရိုးတန်းခရီးစဉ်နှင့် မြစ်တွင်းခရီးစဉ် ပေါင်းစပ်ပြီး ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဘေးကင်း လုံခြုံစွာဖြင့် ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်သွားရန်၊ နိုင်ငံတော်၏ ရန်ပုံငွေ ချထားပေးနိုင်မှု၊ ဈေးကွက်ရှိမှုအခြေအနေ၊ စီးပွားရေးအရ အကျိုးအမြတ်ရရှိနိုင်မှု အခြေအနေတို့ကို သုံးသပ်ပြီးဒလသင်္ဘောကျင်း၏ စွမ်းအားကိုရယူ၍ ကမ်းရိုးတန်း ရေကြောင်းမှ ကုန်စည်ပို့ဆောင်နိုင်ရေးကို တိုးမြှင့်ဆောင်ရွက်သွားကြရန်၊ ယနေ့ ကျင်းပပြုလုပ်သည့် ဒလသင်္ဘောကျင်း နှစ် (၁၅၀)ပြည့် အခမ်းအနား ပြုလုပ်နိုင်သ ကဲ့သို့ ဒလသင်္ဘောကျင်းကဲ့သို့ သမိုင်းဝင်ဌာနဆိုင်ရာ စက်ရုံအလုပ်ရုံ အဆောက်အုံ များကို အစဉ်တည်တံ့နေစေရေးအတွက် စောင့်ရှောက်ခြင်း၊ ပြင်ဆင်ခြင်းများနှင့် ဆက်လက်ထိန်းသိမ်းသွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ပြောကြား သည်။
    ထို့နောက် ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက သမိုင်းဝင်ဒလ သင်္ဘောကျင်း ဖြစ်တည်ခဲ့မှု၊ သမိုင်းကြောင်းတစ်လျှောက် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိကာလတွင်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုများနှင့်အညီ သင်္ဘောကျင်းဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ အနာဂတ်ကာလအတွက် မျှော်မှန်းဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။    
    ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ထံ ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သမိုင်းဝင်ဒလသင်္ဘောကျင်း နှစ်(၁၅၀) ပြည့် အထိမ်းအမှတ် အဖြစ် ရေယာဉ်ပုံစံငယ်နှင့် အထိမ်းအမှတ်လက်ဆောင်ပစ္စည်းအား ပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒလသင်္ဘောကျင်း ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
    ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် အခမ်းအနားတက်ရောက်လာကြသူနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြပြီး ဒလသင်္ဘောကျင်းမှဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ သမိုင်းဝင် ရှေးဟောင်းဒီဇယ်စက်ပြင်အလုပ်ရုံအတွင်း ပြသထားသော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် ဒလသင်္ဘောကျင်း၏ သမိုင်းမှတ်တမ်းများ၊ မှတ်တမ်းဓာတ်ပုံများနှင့် ရေယာဉ်ပုံစံငယ်များကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည် ကြည့်ရှုကြသည်။
    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သမိုင်းဝင် ဒလသင်္ဘောကျင်း လုပ်ငန်းခွင်အတွင်း အကြီးစားမွမ်းမံ ပြင်ဆင်လျက်ရှိသော ရေယာဉ်ကြီးများ၏ ပြင်ဆင်နေမှုအခြေအနေများ၊ ကမ်းရိုးတန်း သွား ကုန်တင်ရေယာဉ်တည်ဆောက်နိုင်ရေးအတွက် ရေယာဉ်ပုံစံငယ် စမ်းသပ်မှုလုပ် ငန်းစဉ် ရှင်းလင်းမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
    ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် သမိုင်းဝင်ဒလသင်္ဘောကျင်း ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့သည်။
    ဒလသင်္ဘောကျင်းသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောကျင်း များအနက် ရှေးအကျဆုံးနှင့် အကြီးဆုံးသင်္ဘောကျင်းကြီးတစ်ခုဖြစ်ကြောင်း၊ ခေတ် အဆက်ဆက်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်များအား စီမံချက် နှင့်အညီ မွမ်းမံခြင်း၊ ပို့ဆောင်မှုလိုအပ်ချက်နှင့် ဒေသရေကြောင်း အခြေအနေ လိုအပ် ချက်များအရ ရေယာဉ်ပုံစံထုတ်လုပ်ခြင်းနှင့် တည်ဆောက်ပေးခြင်း၊ ရေယာဉ်သစ် တည်ဆောက်မှုနှင့် မွမ်းမံပြင်ဆင်မှုများတွင် လိုအပ်သော ရေယာဉ်ဆိုင်ရာပစ္စည်း များနှင့် စက်ပိုင်းဆိုင်ရာပစ္စည်းများ ထုတ်လုပ်ပေးခြင်း၊ တီထွင်စမ်းသပ်ပေးခြင်း၊ အခြားဦးစီးဌာနနှင့် လုပ်ငန်းဌာနများမှ ရေယာဉ်များကို တည်ဆောက်ပြင်ဆင်မှု လုပ်ငန်းများ လက်ခံဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ကြောင်း၊ ဒလသင်္ဘောကျင်းသည် အလွန်ရှေးကျသော သမိုင်းဝင် သင်္ဘောကျင်းဖြစ်သည်နှင့်အညီ စက်ရုံ၊ အလုပ်ရုံ၊ အဆောက် အဦများ၊ လွန်းကျင်းလွန်း လမ်းများ၊ စက်ကရိယာများ အိုမင်းဟောင်းနွမ်းလျက် စွမ်းဆောင်ရည်လျော့နည်း လျက်ရှိနေမှုကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုများဖြင့် လွန်းကျင်းလွန်းလမ်း များ ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်း၊ စက်ကိရိယာ အသစ်များတပ်ဆင်ခြင်း၊ အဆောက်အဦများ ပြန်လည်မွမ်းမံခြင်းများ ဆောင်ရွက်ထားရှိကြောင်းနှင့် ဒလ သင်္ဘောကျင်းအနေဖြင့် ပြောင်းလဲတိုးတက်လာသည့် ကုန်သွယ်မှုစနစ်ကို မျက်ခြည် မပြတ်လေ့လာလျက် တိုးတက်ဖြစ်ထွန်းလာသော လူသားအရင်းအမြစ်အား အခြေခံ ကာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ အနာဂတ်ရည်မှန်းချက်တာဝန်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။