ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၄၀၃ ဦး တို့အား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ မျက်စိ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီးနောက် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နမ်းဟုတ်ဘုန်းတော်ကြီးကျောင်း အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်ပစ္စည်းပြခန်းအား လှည့်လည်ကြည့်ရှုသည်။
အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာ ကျောင်းရှိ သံဃာတော် ၁၇၅ ပါးနှင့် ဒေသခံပြည်သူ ၁၃၀ ဦးတို့ကို သွေးတိုး ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချို/သွေးချိုရောဂါ၊ ကလေးရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။