နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အင်းတိုင်တပ်နယ် နယ်မြေခံသင်တန်းကျောင်းများရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းသားများအား သွားရောက်တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းတိုင်တပ်နယ် နယ်မြေခံသင်တန်း ကျောင်းများရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်းများမှ သင်တန်းသားများအား သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး က အမှာစကားပြောကြားရာတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းသည် မိမိနိုင်ငံကိုကာကွယ်ရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြကြောင်း၊ စစ်မှုထမ်းများသာမက အခြားသော ကဏ္ဍအသီးသီးမှာလည်း နိုင်ငံတော်ကာကွယ်ရန် တာဝန်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှု ထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြဋ္ဌာန်းထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ အာဏာတည်စေခဲ့သည့် အခြေအနေများ၊ ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီး သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကိုသာ ဥပဒေနှင့်အညီဗဟိုအဖွဲ့မှအတည်ပြု ခန့်အပ်ပေးလျက်ရှိသည့် အခြေအနေများ၊ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသူများကိုလည်း စစ်ပညာ များကို စနစ်တကျသင်ကြားပေးလျက်ရှိပြီး အဆိုပါပညာရပ်များဖြင့် အဖျက်သမားများ ရန်မှ ကာကွယ်သွားကြရမည့် အခြေအနေများ၊ တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့များသို့ ရောက်ရှိ တာဝန်ထမ်းဆောင်ရာတွင်လည်း ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက် များကို စစ်သည်တော်ကောင်းတစ်ဦး ပီသစွာ လိုက်နာနေထိုင်သွားရန်၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုရှိအောင် လေ့ကျင့်နေထိုင်သွားရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရန် လိုအပ်သည့် အခြေအနေများ၊ သင်တန်းကျောင်းများမှ လေ့ကျင့် သင်ကြားပေးလျက်ရှိသည့် စစ်ပညာများကို စနစ်တကျ လေ့ကျင့်သင်ကြားသွားရန်၊ စစ်မြေပြင်တွင် ထိထိရောက်ရောက် အသုံးချရန်နှင့် စည်းကမ်းတကျလိုက်နာ နေထိုင် သွားကြရန် လိုအပ်သည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် ယနေ့နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်း ဆောင်ကြရတော့မည့် သင်တန်းဆင်းစစ်သည်တော်များနှင့် စစ်သည်တော်လောင်းများ ဖြစ်ရန် သင်တန်းတက်ရောက်နေသည့် သင်တန်းသားများအားလုံးတို့သည် နိုင်ငံ့သား ကောင်းရတနာများ ဖြစ်ကြောင်း၊ သစ္စာ (၄)ချက်အား နေ့စဉ်ရွတ်ဆိုရသည့် နိုင်ငံတော်နှင့် တပ်မတော်အပေါ်၊ မိမိရဲဘော် ရဲဘက်အချင်းချင်းအပေါ်နှင့် မိမိ မိသားစုဝင်များအတွက် ကတိသစ္စာပြု စောင့်ထိန်းကြသူများဖြစ်ကြ၍ မိမိကိုယ်ကို မိမိဂုဏ်ယူကြရမည် ဖြစ်ကြောင်း။
နိုင်ငံတော်အလံကို မိမိလက်နှင့် ကိုယ်တိုင်ထိတွေ့ပြီး သစ္စာ ၄ ချက်ကို ရွတ်ဆို ထားသူများဖြစ်သည့်အတွက် ၎င်းသစ္စာ ၄ ချက်အပေါ်တွင် သစ္စာစောင့်သိ၊ သစ္စာရှိရန် လိုကြောင်း၊ မိမိနိုင်ငံအပေါ် ၊ မိမိ နိုင်ငံသားများအပေါ်၊ မိမိတပ်မတော်သားများအပေါ် တွင် သစ္စာစောင့်သိသွားကြရန်လိုကြောင်း၊ ထို့အပြင် စစ်သည်အချင်းချင်းအပေါ် တွင်လည်း ရဲဘော်စိတ်ထားရှိရန် လိုကြောင်း၊ “ရဲဘော်စိတ်” ဆိုသည်မှာ ရဲဘော် အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားများဖြစ်၍ သေအတူ ရှင်မကွာ ဆိုသည့်စိတ် သာအတူ နာအတူ ဆိုသည့် စိတ်ထားခံယူချက်များ ထားရှိသွားရန် လိုအပ်ကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဖြစ်စေ၊ မိမိစိတ်ဆန္ဒအရ ဖြစ်စေ၊ တပ်မတော် တွင်းသို့ ဝင်ရောက်လာကြသူများအား တပ်မတော်၌ စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရာတွင် သိသင့်သိထိုက်သည့်၊ ရှိသင့်ရှိထိုက် သည့်စစ်ပညာရပ်များကို အခြေခံမှစ၍လိုအပ်သလို စနစ်တကျသင်ကြားလေ့ကျင့် ပေးပြီးမှသာ တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းများအနေဖြင့် စစ်ရေး ပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်အပါအဝင် အခြား သော စစ်ပညာရပ်များကို စနစ်တကျလေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်၍ တတ်မြောက် ထားသည့် စစ်အတတ်ပညာများကို စနစ်တကျ အသုံးချသွားရန်လိုကြောင်း၊ အခြေခံ စစ်အတတ်ပညာများကို လေ့ကျင့်သင်ကြားပေးရာတွင် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုသည် အရေးကြီးကြောင်း၊ အမိန့်နာခံမှုရှိမှသာ အထက်မှပေးအပ်သည့် ရည်မှန်းချက် တာဝန်များကို ထမ်းဆောင်ရာတွင် တိကျအောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းမှ လေ့ကျင့်သင်ကြားပေးသည့် စစ်ပညာ ရပ်များအပေါ် အသေးအဖွဲ့ဟူ၍ သဘောမထားဘဲ အလေ့အကျင့်မှ အလေ့အထ ဖြစ်သည်အထိ စွဲမြဲစွာ လုပ်ဆောင်သွားကြရန်လိုကြောင်းနှင့် လေ့ကျင့်သင်ကြား ပေးလိုက်သည့် စစ်အတတ်ပညာများကို တာဝန်ထမ်းဆောင်ရာတွင် လက်တွေ့ကျကျ ထိရောက်စွာ အသုံးချသွားရန် လိုကြောင်း။
ခေတ်ကာလအဆက်ဆက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိကြသည့် တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရန် မိမိ တို့၏ စိတ်ဆန္ဒများဖြင့် ဝင်ရောက်တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ အရပ်သားဘဝ အလွှာပေါင်းစုံမှ တပ်မတော်အတွင်းသို့ ဝင်ရောက်လာကြသူများ ဖြစ်သော်လည်း ယခုအခါတူညီသော အစိမ်းရောင်ယူနီဖောင်းဝတ်ဆင်၍ စစ်ပညာရပ် များကို အတူတူစုပေါင်း၍ သင်ကြားလေ့ကျင့်ပြီးသူများဖြစ်သည့်အတွက် အရောင် အသွေးတူ၊ အတွေးအမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်တူညီသူများ ဖြစ်လာကြပြီး ဖြစ်၍ နောင်တော်တပ်မတော်သားများနှင့် လက်တွဲကာ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ဂုဏ်ယူစွာဖြင့် ကျေပွန်စွာထမ်းဆောင်သွားကြရတော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က ယုံကြည်အားကိုးရသည့် နိုင်ငံ့သားကောင်းများ၊ မိသားစုက လေးစားတန်ဖိုးထားရသည့် ပြည်သူ့သားကောင်းများအဖြစ် ကြိုးစား နေထိုင်သွားကြရန်လိုကြောင်း။
တပ်မတော်သားဘဝကို ရရှိခံယူထားကြပြီးသူများဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို ၂၄ နာရီ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံသားကောင်း ရတနာများဖြစ်ကြောင်း၊ “ Once a Soldier, always a Soldier ” ဆိုသည်နှင့်အညီ တစ်ကြိမ် စစ်သားဖြစ်ပြီးပါက အမြဲတမ်းစစ်သားဖြစ်သည်ဆိုသည့် စိတ်ဓာတ်များ ခံယူထားရမည်ဖြစ်ပြီး အဆိုပါစိတ်သည် တပ်မတော်သားများ၏ မွန်မြတ်သည့် ခံယူချက် စိတ်ထားဖြစ်ကြောင်း၊ တပ်မတော်၏ မွန်မြတ်သည့် အစဉ်အလာကောင်း များကို ထိန်းသိမ်းလိုက်နာပြီး နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရန်လိုကြောင်း။
နိုင်ငံတော်တွင် အရေးပေါ်အခြေအနေနှင့် ကြုံတွေ့ရတိုင်း နိုင်ငံတော် မပျက်မယွင်း၊ မပြိုကွဲအောင်ထိန်းသိမ်းနိုင်သည်မှာ ကျစ်လျစ်ခိုင်မာအင်အား တောင့်တင်း သည့် တပ်မတော်တစ်ရပ်ရှိနေခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သား များသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းရွက်နိုင်ရန်အတွက် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေး ပြည့်ဝခိုင်မာ နေရန်အထူးလိုအပ်ကြောင်း၊ ယခုအခါ ပြည်တွင်း၊ ပြည်ပ အဖျက်သမားအင်အားစုများသည် တပ်တွင်း စည်းလုံး ညီညွတ်မှု ပျက်ပြားစေရန် ရည်ရွယ်၍ နည်းလမ်းပေါင်းစုံနှင့် ထိုးနှက်တိုက်ခိုက် နေချိန်ဖြစ်၍ မိမိတို့အနေဖြင့် ကျောချင်းကပ်၊ ရင်ချင်းအပ်သည့်စည်းလုံး ညီညွတ်မှု ရှိရေးသည် အသက်တမျှအရေးကြီးကြောင်း။
နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင် ကြရမည့် တာဝန်ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်ခဲ့ရာ ယနေ့အချိန်အထိ သင်တန်းအမှတ်စဉ်(၆)အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေး နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းဆင်း နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအနေဖြင့် တပ်ရင်း/တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြရာ ပေးအပ်သည့်တာဝန်များကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည့်အတွက် နိုင်ငံတော်မှ ချီးမြှင့်သည့် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိလာခဲ့ကြသည်ကိုလည်း ဂုဏ်ယူ ဖွယ်ရာ တွေ့ရှိရကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့တပ်မတော်သား တစ်ဦးချင်းသည် မည်မျှပင် နိုင်ငံတော်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ချင်သည်ဖြစ်ပါစေ ကျန်းမာရေးချို့ယွင်းချက် ရှိမည်ဆိုပါက မည်သို့မျှ လုပ်ကိုင်ဆောင်ရွက်နိုင်မည် မဟုတ်သည့်အတွက် ကျန်းမာရေး ကောင်းမွန်ရန် အထူးပင် အရေးကြီးကြောင်း၊ မိမိကိုယ်ကို ကျန်းမားကြံ့ခိုင်မှုရှိအောင် စနစ်တကျနေထိုင် စားသောက်သွားရန်လိုကြောင်း၊ သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်း များအနေဖြင့် သင်တန်းကျောင်းမှလေ့ကျင့် သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာ ကို အမြဲမပြတ် လေ့ကျင့်လိုက်နာပြီး ကောင်းစွာ အသုံးချသွားကြရန်နှင့် နိုင်ငံတော်၊ တပ်မတော်နှင့် မိမိမိသားစုက ဂုဏ်ယူတန်ဖိုးထားရသည့် နိုင်ငံ့သားကောင်း စစ်သည် တော်ကောင်းများ ဖြစ်အောင် နေထိုင်ကျင့်ကြံ သွားရန်လိုအပ်ကြောင်းဖြင့် မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။