မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့က အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း (၄)နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းကင်းလှည့်ရေး ဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ရှိ Wyndham Grand Hotel ၊ အင်းယား၊ အင်းလေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း (၄)နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းကင်းလှည့်ရေး ဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ ရေကြောင်းရဲ တပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့မှ အဆင့်မြင့် ကိုယ်စားလှယ်အရာရှိများ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် ရေကြောင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် နေမိုးသက်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့မှ အဆင့်မြင့်ကိုယ်စားလှယ်အရာရှိများ သည် နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄)(Multilateral Meeting)အား ဂျိုးဖြူခန်းမ တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်း များပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ မဲခေါင်မြစ်ဝှမ်း ဒေသနေ ပြည်သူများ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေး ကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြပြီး နေ့လည်ပိုင်းတွင် အင်းယား၊ အင်းလေးခန်းမ၌ နှစ်နိုင်ငံအလုပ်သဘော အစည်းအဝေး (Bilateral Work Talks)များ အဖြစ် မြန်မာ-တရုတ်၊ တရုတ်-လာအို၊ တရုတ်-ထိုင်း အစည်းအဝေးများဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။