ရှမ်းပြည်နယ်၊ ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကဒရုန်းများဖြင့် ဗုံးကြဲမှုကြောင့် နေအိမ် ၅၀ ကျော်ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းတုသတင်း အမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်းတွေ့ရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ၏ပြောကြားချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါမြို့တွင် အကြမ်းဖက်သမားများတရားမဝင် ဝင်ရောက်ခိုအောင်းနေထိုင်မှုမရှိ စေရေးနှင့် နယ်မြေအေးချမ်းတည်ငြိမ်မှုရှိစေရေးအတွက် လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ်ဆောင်ရွက်လျက် ရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကိုမလိုလားဘဲ ပြည်သူများနေထိုင်ရာ နယ်မြေအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် ရွံရှာစက်ဆုပ်ဖွယ်အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း ကြောင့် နယ်မြေခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးရခြင်းဖြစ်ကြောင်း၊ တရားမဝင် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ ဥပဒေမဲ့လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်အပြစ်ပုံချကာ ယခုကဲ့သို့ မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။