ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်ကျင်းပမည့် နိုင်ငံတကာတပ်မတော်များ၏ တေးဂီတ ဖလှယ်ရေးအစီအစဉ် (Military Music Exchange-2024)သို့ ဝင်ရောက်ဖျော်ဖြေရန် မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ် တင်ဇော်လတ်ဦးဆောင်သည့် စစ်တီးဝိုင်းအဖွဲ့သည် ဒီဇင်ဘာ ၁၄ ရက်နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာရာ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပေးကြသည်။
အဆိုပါ နိုင်ငံတကာတပ်မတော်များ၏ တေးဂီတဖလှယ်ရေးအစီအစဉ် ၂၀၂၄ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက်နေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ ၊ဟံနွိုင်းမြို့ရှိ Imperial Citadel of Thang Long ၌ကျင်းပပြုလုပ်ရာ ဗီယက်နမ်ပြည်သူ့တပ်မတော်မှ ဗိုလ်ချုပ်ကြီး Nguyen Tan Cuong (Member of the.Party Cenetral Committee၊ Member of the Central Military Commissioni ၊Chief of the General Staff of the Vietnam People's Army၊ Deputy of Minister of National Defence)မှအဖွင့်အမှာစကားပြောကြားကာ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး အခမ်းအနားတွင် မြန်မာတပ်မတော်စစ်တီးဝိုင်း အဖွဲ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုပြည်သူ့သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် အိမ်ရှင်ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ စစ်တီးဝိုင်းအဖွဲ့(၁၁)ဖွဲ့နှင့် အတူ တက်ရောက် ခဲ့သည်။ မြန်မာ့တပ်မတော်စစ်တီးဝိုင်းအဖွဲ့သည် Imperial Citadel of Thang Long ခံတပ်တွင်အောင်လံဝေဝေ (ကြည်း/ရေ/လေ)၊အောင်လံလွှင့်မဲ့ဒို့တပ်မတော် စစ်ချီသီချင်း၊ မြန်မာပြည်သား၊ Hat Mai Khuc Quan Hanh ဗီယက်နမ်စစ်သီချင်းတို့ဖြင့် တီးမှုတ်ဖျော်ဖြေခဲ့သည်။
ထို့နောက် ကျန်အဖွဲ့များနှင့်အတူ ခံတပ်မှ သတ်မှတ်ပေးထားသော လမ်းကြောင်း အတိုင်း လီနင်ရုပ်ထုသို့အထက်ပါ စစ်ချီသီချင်းများဖြင့် ချီတက်ဖျော်ဖြေရာ ဗီယက်နမ် ပြည်သူများက လိုက်လံကြည့်ရှု့အားပေးခဲ့ကြသည်။
မြန်မာတပ်မတော်စစ်တီးဝိုင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်တွင် ဟနွိုင်းမြို့၊Long Bein ခရိုင် Gai Lam Airport ၌ပြုလုပ်သည့် ဗီယက်နမ်နိုင်ငံတကာ ကာကွယ်ရေးပြပွဲ (Vietnem Defence Expo 2024)တွင် နိုင်ငံတကာမှ စစ်တီးဝိုင်းအဖွဲ့(၅) ဖွဲ့နှင့် အိမ်ရှင်ဗီယက်နမ် ပြည်သူ့တပ်မတော်မှ စစ်တီးဝိုင်းအဖွဲ့ (၆)ဖွဲ့နှင့်အတူဖျော်ဖြေတင်ဆက်ခဲ့သည်။ ထို့ပြင် မြန်မာ့တပ်မတော်စစ်တီးဝိုင်းအဖွဲ့သည် ညပိုင်းတွင် ဟနွိုင်းမြို့လယ်ရှိ Sword Lake ရေကန် ပတ်လမ်းတစ်လျှောက်တွင် ဖိတ်ကြားထားသော နိုင်ငံတကာမှစစ်တီးဝိုင်းအဖွဲ့များနှင့်အတူ လမ်းလျှောက်ချီတက်ကာသတ်မှတ်ပေးထားသောနေရာ(၄) နေရာတွင် အောင်လံဝေဝေ (ကြည်း/ရေ/လေ)၊အာင်လံလွှင့်မဲ့ဒို့တပ်မတော် စစ်ချီသီချင်း၊မြန်မာပြည်သား၊The Ballad of Ho Chi Minh Hat Mai Khuc Quan Hanh ဗီယက်နမ်စစ်သီချင်းတို့ဖြင့်သီဆိုဖျော်ဖြေခဲ့ရာ ပြည်သူများမှ တစ်ခဲနက်လိုက်လံသီဆိုအားပေးခဲ့ကြသည်။
ဒီဇင်ဘာ၂၂ ရက်နေ့ ညပိုင်းတွင် ဟနွိုင်းမြို့ရှိ Military History Museum ၌ နိုင်ငံ တကာတပ်မတော်များ၏ တေးဂီတဖလှယ်ရေးအစီအစဉ် ၂၀၂၄ ပိတ်ပွဲအခမ်းအနားကို ပြုလုပ်ရာ မြန်မာတပ်မတော်စစ်တီးဝိုင်းအဖွဲ့သည် နိုင်ငံတကာတပ်မတော်များမှ စစ်တီးဝိုင်း အဖွဲ့များနှင့်ဗီယက်နမ်ပြည်သူ့တပ်မတော်မှ စစ်တီးဝိုင်းများနှင့်အတူ အောင်လံဝေဝေ (ကြည်း/ရေ/လေ)၊အောင်လံလွှင့်မဲ့ဒို့တပ်မတော် စစ်ချီသီချင်း၊ စည်းလုံးချင်းအတွက်သီချင်း တစ်ပုဒ်၊Hat Mai Khuc Quan Hanh ဗီယက်နမ်စစ်သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဗီယက်နမ်ပြည်သူ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး Nguyen Van Nghia (Deputy Cheif of the General Staff of the Vietnam People's Army၊Head of the Organization Committe of the Military Music Exchange)မှပိတ်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားပြီး အခမ်းအနားအား ပိတ်သိမ်းခဲ့ပါသည်။
နိုင်ငံတကာတေးဂီတဖလှယ်ရေးအစီအစဉ် (Military Music Exchange -2024) သို့ဝင်ရောက်ဖျော်ဖြေခဲ့သော မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ် တင်ဇော်လတ် ဦးဆောင်သည့် စစ်တီးဝိုင်းအဖွဲ့သည် ဒီဇင်ဘာ ၂၃ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ နိုဘိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန် ၀၉ ၅၀ အချိန်တွင်ပြန်လည်ထွက်ခွာလာရာ မြန်မာနိုင်ငံဆိုင်ရာ (ကြည်း/ရေ/လေ) စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ထွန်းနိုင်နှင့်အဖွဲ့များက လိုက်လံပို့ဆောင်နှုတ်ဆက်ကြပြီး မြန်မာနိုင်ငံ နေပြည်တော်လေဆိပ်သို့ ယနေ့မွန်းလွဲပိုင်း တွင် ပြန်လည်ရောက်ရှိရာ တာဝန်ရှိသူများကကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။