ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်ရှိ OK ငွေလွှဲဆိုင်ဖွင့်ထားသူ တစ်ဦးအား ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့သူတရားခံအမျိုးသား ၆ ဦးအား မူးယစ်ဆေးဝါးများ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၂၀
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၅ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမနေ OK ငွေလွှဲဆိုင်ဖွင့်ထားသူ ဦးရန်ထင်ချန်း (၇၈)နှစ် (ဘ)ဦးရန်ကျင်စိုးသည် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်ရှေ့သို့ 4H/9170 CROWN Royal Saloon အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တစ်စီးရောက်ရှိလာပြီး ယာဉ်ပေါ်မှ အမျိုးသား သုံးဦး(စိစစ်ဆဲ)ဆင်းလာကာ ဦးရန်ထင်ချန်းအား ဖမ်းဆီး၍ အဆိုပါမော်တော်ယာဉ်ဖြင့် ဗိုလ်ချုပ် လမ်းမကြီးအတိုင်း အနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းပေးပို့တိုင်တန်း ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် ပြစ်မှု ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်၊ ဆင်ဖြူမင်းလမ်းကြားရှိ အိမ်အမှတ်(ပဆ-၁/၂၇၀)နေအိမ်၌ ပြစ်မှုကျူးလွန်သူတရားခံများ ရောက်ရှိခိုအောင်းနေလျက်ရှိကြောင်း သတင်းအရ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေအိမ်သို့ ဝင်ရောက်စီးနင်း ရှာဖွေ ခဲ့သည်။
ထိုသို့ ဝင်ရောက်စီးနင်းရှာဖွေစဉ် အဆိုပါနေအိမ်အတွင်းမှ ပြစ်မှုကျူးလွန်သူတရားခံများက သေနတ်များဖြင့် စတင်ပစ်ခတ်ကာ ထွက်ပြေးရန် ကြိုးစားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့သူတရားခံများဖြစ်ကြသည့် ကျန်းဘီယင်း(စိစစ်ဆဲ) နှင့် မောင်မောင်ဦး(စိစစ်ဆဲ)တို့ပါ အမျိုးသား ၆ ဦးအား အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ် နေရာအား အသေးစိတ်စစ်ဆေးရှာဖွေမှုများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ZORAKI M906-T ပွိုင့် ၃၈၀ အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၄ တောင့်၊ ကျည်အိမ် ၁ ခု၊ M-16 အမျိုးအစား သေနတ် ၁ လက်၊ ၎င်းကျည် ၁၇ တောင့်၊ ကျည်အိမ် ၁ ခု၊ မော်တော်ယာဉ် နံပါတ်ပြား ၆ ခု၊ အနက်ရောင်ကျည်ကာအင်္ကျီ ၂ ထည်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝတ်ဆင်သည့် ယူနီဖောင်း ၁ ထည်၊ ခဲရောင်မိုးကာအင်္ကျီ ၁ ထည်၊ အနွေးအင်္ကျီ ၁ ထည်၊ ဦးထုပ် ၃ လုံး၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ၁ ခု၊ ယာဉ်မောင်းလိုင်စင် ၂ ခု၊ ၅.၅၆ ကျည်ခွံ ၄ ခု၊ ပစ္စတိုကျည်ခွံ ၄ ခု၊ SHN-12 7K-9997 TOYOTA CROWN Royal Saloon အဖြူရောင်မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်းမျိုးစုံ ၃ လုံး၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၆၅၀၀၀ ပြားတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ပြန်ပေးဆွဲဖမ်းဆီး ခံရသူ ဦးရန်ထင်ချန်းအား ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပြန်ပေးဆွဲဖမ်းဆီးခံရသူ ဦးရန်ထင်ချန်အား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ပြစ်မှု ကျူးလွန်သူ တရားခံအမျိုးသား ၆ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးများ၊ ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလားတူဒုစရိုက်မှု များကျူးလွန်နိုင်မှုမရှိစေရေး မိဘပြည်သူများအနေဖြင့် ဒုစရိုက်သမား များ၏ လှုပ်ရှားသွားလာ မှုများအား မြင်တွေ့သိရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အသိပေးသတင်းပေးပို့တိုင်ကြား နိုင်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။