(၇၅)ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိ သူများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို နေပြည်တော်၊ ဒီဇင်ဘာ-၂

Monday, December 2, 2024 - 15:30

          (၇၅)ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိသည့် စာပေပညာရှင် ဆရာကြီး၊ ဆရာမကြီးများသည် ဒီဇင်ဘာလ(၂)ရက် ဒီကနေ့ မနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော် များအနက်

ဉာဏ်တော်အမြင့် ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးသို့ သွားရောက်ဖူးမြော်သည်။ ရှေးဦးစွာ ရှင်းလင်း ဆောင်တွင် တာဝန်ရှိသူတစ်ဦးက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်မှုနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။ အဲ့ဒီနောက် စာပေပညာရှင် ဆရာကြီး၊‌ ဆရာမကြီးများက အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ရေချမ်းဆက်ကပ်လှူဒါန်းကြပြီး ဘုရားရင်ပြင်တော် ပတ်လည်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားသည့် ရင်ပြင်တော် ပတ်လည်၌ ဂန္ဓကုဋိတိုက် ၂၄ ဆောင်ကို စကျင်ကျောက်များဖြင့် တည်ဆောက် ထားရှိတဲ့ ပိဋကတ်တိုက်တော်များကို၎င်း၊ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာ ကျမ်းစာများကို တစ်ပါတည်း လေ့လာဖတ်ရှုကြည်ညိုနိုင်ရေးအတွက် စကျင် ကျောက်ချပ်များပေါ်၌ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်းထားသည့် ကျောက်စာရုံ စေတီတော် အဆူ ၇၂၀ ကို၎င်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော် ထားရှိရာ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဩဝါဒါစရိယ ဆရာတော်ကြီး များ၏ဩဝါဒခံ ယူလျက် ပိဋကတ်တော်လာအဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန်တော် များနှင့်အညီ ပြည့်စုံစွာတည်ထားကိုးကွယ်ထားသည့် မုစလိန္ဒကန်နှင့် နဂါးရုံဘုရား တို့ကို၎င်း၊ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စနစ်တကျ တည်ဆောက်ထားရှိသည့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေး နေရာများ၌၎င်း၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရားကျောင်းကန်များအား လာရောက် ဖူးမြော်ကြည်ညို ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ခေတ္တအနားယူနိုင်စေရေး အတွက် ကျွန်းတိုင်များအသုံးပြု၍ မြန်မာမှုလက်ရာများဖြင့် ရှေးမူမပျက် ဆောက်လုပ် ထားသည့်  သုဓမ္မာဇရပ်များကို၎င်း၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယကျောင်းတော် နှင့် သာသနာရေးဆိုင်ရာအခမ်းအနားများကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး ကိုလည်းကောင်း အခြားသာသနိက အဆောက်အအုံများကလည်းကောင်း ဖူးမြော် လေ့လာ ကြည်ညို ခဲ့ကြသည်။