(၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ်၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့်စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ပေးအပ်
နေပြည်တော်၊ ဒီဇင်ဘာ - ၁
(၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး နှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီး များ၊ စာပေဆုစိစစ် ရွေးချယ်ရေးကော်မတီဝင်ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရပုဂ္ဂိုလ် များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ က စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ်ပြခန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ်ပြခန်း ၂၀၂၃ ခုနှစ်အတွက် ဆုရရှိသူများ၏ အတ္ထုပတ္တိ၊ ဓာတ်ပုံ၊ ဆုရစာအုပ်များ၊ စာအုပ်စာစောင်များနှင့် အင်းဝခေတ်မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်မှု ပြခန်း၊ စာပေဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် အခမ်းအနားကို စတင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၏ “စိန်ရတုမှသည်ရာ ထောင် ချီ ” စာပေဆုနှင်းသဘင်ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့် “ နိုင်ငံ့ဂုဏ်၊ လူမျိုး ဂုဏ်ကို စာပေဂုဏ်ဖြင့်မြှင့်တင်မည် ” မှတ်တမ်း Video Clip ကို ကြည့်ရှု အားပေး ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက် တွင် မိမိနိုင်ငံနှင့် အများပြည်သူတို့၏ ကောင်းကျိုးအဖြာဖြာကို စာပေကလောင်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေ ဂုဏ်ကျေးဇူးကို လေးမြတ်ဂုဏ်ပြုလျက် စာဆိုတော်နေ့အခမ်းအနားကို ၁၉၄၄ ခုနှစ် မှစတင်ပြီး မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ခုအဖြစ် ကျင်းပလာကြခြင်းဖြစ်ကြောင်း။
မြန်မာစာပေသမိုင်းကို ပြန်ကြည့်မည်ဆိုပါက ပုဂံခေတ်ကစပြီး ယနေ့ခေတ် ကာလအထိ နှစ်ပေါင်းထောင်ချီ ဖြတ်သန်းလာခဲ့ပြီဖြစ်ကြောင်း၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်များ မှ ယနေ့ခေတ်ကာလအထိ မြန်မာ့ယဉ်ကျေးမှု အနုပညာအဖြာဖြာ၏ ပင်စည်မဏ္ဍိုင် ကြီးဖြစ်သည့် စာပေနယ်ပယ်ကြီး ဖွံ့ဖြိုးတိုးတက်ခဲ့သည့် အစဉ်အလာကောင်းကို ပိုမို ခိုင်မာတိုးတက်အောင် ဆောင်ရွက်ခဲ့ကြသဖြင့် လေးစားဂုဏ်ယူပါကြောင်း။
စာပေသည် လူ့အဖွဲ့အစည်း၏ အကြံအစည်၊ အပြုအမူ၊ အနေအထိုင်၊ ဓလေ့ ထုံးစံ၊ဘာသာတရား၊ ပေါင်းသင်းဆက်ဆံရေးစသည့်ကိစ္စများအပြင် ယဉ်ကျေးမှု အနု ပညာအပေါင်းတို့၏ အစပြုရာဖြစ်ကြောင်း၊ စာပေသည် လူမျိုး၏ယဉ်ကျေးမှု မဏ္ဍိုင်ဖြစ်ပြီး စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံများပင်ဖြစ်ကြောင်း၊ စာအုပ်စာပေသည် လူသားများအတွက် မိတ်ဆွေကောင်းဖြစ်ပြီး စာပေမြင့်လာသည်နှင့် အမျှ လူမျိုးလည်းတင့်တယ်ဝင့်ကြွားလာမည်ဖြစ်ကြောင်း၊ စာပေသည် နိုင်ငံတစ်နိုင်ငံ ၏ ယဉ်ကျေးမှုအဆင့်အတန်းကိုထင်ဟပ်နေခြင်းဖြစ်သဖြင့် မြန်မာတို့၏ ဂုဏ်ယူ ဖွယ်ရာ စာပေနှင့်ပတ်သက်သည့် အစဉ်အလာကောင်းများကို စာပေပညာရှင်များ၊ စာပေကိုတန်ဖိုးထားသည့်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် မျိုးဆက်သစ်များက ဆက်လက်ပြီး လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်ကြရန်လည်း မှာကြားလို ကြောင်း။
နိုင်ငံနှင့် ပြည်သူများ၏ကောင်းကျိုးအတွက် အားထုတ်ရေးဖွဲ့ထုတ်ဝေခဲ့ကြသည့် စာဆိုကြီးများ၏ စာကောင်းပေမွန်လက်ရာများကို နိုင်ငံတော်အဆင့် အမျိုးသား စာပေ ဆုအဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ရောက်တိုင်း နှစ်စဉ်ချီးမြှောက်ဂုဏ်ပြုခြင်းသည် နိုင်ငံ၏ကောင်းမြတ်သည့် အစဉ်အလာပင်ဖြစ်ကြောင်း၊ ထိုသို့ ကောင်းမွန်သည့် အစဉ် အလာကောင်းကို ၁၉၄၈ ခုနှစ်က စတင်ကျင်းပခဲ့သည်မှာ ယခုဆိုပါက (၇၅) ကြိမ် မြောက်ရှိပြီဖြစ်သဖြင့် စိန်ရတုသက်တမ်းသို့ ရောက်ခဲ့ပြီ ဖြစ်ကြောင်း။
နိုင်ငံတော်၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လတွင်တည်ထောင်ခဲ့သည့် စာပေဗိမာန်သည် တိုင်းရင်းသား ပြည်သူများ နိုင်ငံတကာဗဟုသုတတိုးပွားရေးအတွက် ဘာသာပြန်စာပေများ ထုတ်ဝေ ခဲ့သကဲ့သို့ မြန်မာစာပေဖွံ့ဖြိုးရေးအတွက် ၁၉၄၈ ခုနှစ်တွင် “စာပေဗိမာန်ကာလပေါ် ဝတ္ထုဆု” ကို စတင် ချီးမြှင့်ခဲ့ကြောင်း။
“စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု” ကို “စာပေဗိမာန်ဆု”၊ “အနုပညာ စာပေ ဆိုင်ရာဆု”၊ “အမျိုးသားစာပေဆု” စသည်ဖြင့် ဆုအမည်ကို အဆင့်ဆင့် ပြောင်းလဲခဲ့ပြီး ဆုချီးမြှင့်မယ့်ဘာသာရပ်များ၊ ဆုငွေများကိုလည်း အခါအားလျော်စွာ တိုးချဲ့၊ တိုးတက် ချီးမြှင့်ခဲ့ကြောင်း၊ ယခု ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ်(၁၉)မျိုး အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း။
အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ထုတ်ဝေခြင်း မပြုဖြစ်သေးသည့် ကလောင်ရှင် တို့၏ ကောင်းမွန်သည့်လက်ရာစာမူများကို စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိနိုင်ရန် ရည်ရွယ်ပြီး “စာပေဗိမာန်စာမူဆု” ကိုလည်း နှစ်စဉ်ရွေးချယ်ပြီး ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း၊ ယခုနှစ်အတွက် စာပေဗိမာန်စာမူဆုတွင် ဘာသာရပ် ၁၃ မျိုး ဆုချီးမြှင့်မည် ဖြစ်ကြောင်း။
ထို့ပြင် မိမိတို့ မြန်မာနိုင်ငံတွင် မြန်မာစာပေနှင့် နိုင်ငံနှင့်လူမျိုး အကျိုးကို တစ်သက်တာလုံး စာအုပ်စာပေများ အားထုတ်ရေးသားပြုစုခဲ့ပြီး ထူးချွန်ပြောင် မြောက်စွာ တာဝန်ကျေခဲ့ကြသည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် “အမျိုးသားစာပေတစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်က စပြီး နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း။
ယခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ရာတွင် ၂၀၂၃ ခုနှစ် အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၁၀၅၀ အတွင်းမှ အမျိုးသားစာပေဆု အတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုးအနက် ဘာသာရပ် ၁၅ မျိုးကို ရွေးချယ်နိုင်ခဲ့ကြောင်း၊ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင် စာမူ ၂၈၄ စောင်အတွင်းမှ ဘာသာရပ် ၁၃ မျိုးအနက် ဆုချီးမြှင့်ရန်ထိုက်တန်သည့် စာမူပေါင်း ၃၀ ကို ရွေးချယ် ခဲ့ပြီးဖြစ်သဖြင့် ယနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်း။
အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့သည့် စာရေးသူများနှင့် စာအုပ် များ၊ စာမူများကို ကြည့်မည်ဆိုပါကလည်း ကလောင်နု၊ ကလောင်လတ်၊ ကလောင်ရင့်များပါဝင်ပြီး ခေတ်အတွေး၊ ခေတ်အမြင်များကို ထင်ဟပ်ဖော်ကျူးပြီး စေတနာစိတ်နှင့် စာနာစိတ်ထားများ ပွားများစေနိုင်သည့် ရသစာပေများ၊ နိုင်ငံဖွံ့ဖြိုး ရေးနှင့် လုံခြုံရေးအတွက် ဖြည့်ဆည်းသင့်သည့် ပြည်တွင်းပြည်ပဆိုင်ရာ ခေတ်မီ နည်းပညာများ၊ သိပ္ပံပညာရပ်များကို လူအများနားလည်လွယ်အောင် ရေးသားထား သည့် သုတစာပေများကို စာပေအဆင့်အတန်းမီစွာ ရေးသားထားကြသည်ဟု ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်ထားကြောင်း။
အမျိုးသားစာပေတစ်သက်တာဆုကို ချီးမြှင့်ရာတွင်လည်း စာပေပညာရှင်ကြီး များကို အလေးအမြတ်ထားသည့်အနေဖြင့် တစ်နှစ်ထက် တစ်နှစ်အရေအတွက်တိုးပြီး ချီးမြှင့်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ စတင်ခဲ့သည့် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တစ်နှစ် လျှင်(၁)ဦးသာ ချီးမြှင့်ပြီးနောက်ပိုင်းတွင် တစ်နှစ်ကို (၂) ဦး၊ (၃) ဦး ရွေးချယ်ချီးမြှင့်ခဲ့ ကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့်ကာလတွင် တစ်နှစ်လျှင် (၄) ဦးအထိ ဂုဏ်ပြုချီးမြှင့်ခဲ့ ကြောင်း၊ ယခုနှစ်တွင်လည်း စာပေပညာရှင်ကြီး (၆) ဦးအထိ ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ စာပေပညာရှင်ကြီးများအားလုံးကို အမျိုးသားစာပေ တစ်သက်တာဆုရှင် များအဖြစ် နိုင်ငံတော်က ထိုက်တန်စွာ ချီးမြှောက်ခွင့်ရသည့်အတွက် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။
မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကို ကြိုးစားတည်ဆောက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် စာပေပညာရှင်ကြီးများ၏အားသည် အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ရရှိနိုင်မည်ဟုလည်း ယုံကြည်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း စာပေအနုပညာ ကဏ္ဍအသီးသီးမှ ပညာရှင်များ မိမိတို့၏ အနုပညာကို အရည်အသွေးမြင့်မားစွာ၊ လွတ်လပ်စွာ ဖန်တီးပုံဖော်နိုင်ရေး တတ်စွမ်းသမျှအားပေးကူညီ ဖြည့်ဆည်းပေးလျက် ရှိကြောင်း၊ ယခုအခါ စာပေပညာရှင်များနှင့် စာပေလောကအကျိုးကို ဖြည့်ဆည်း ပေးမည့် “စာဆိုဗိမာန်” အဆောက်အအုံကြီးကိုလည်း အိန္ဒိယနိုင်ငံအစိုးရနှင့် ပူးပေါင်းပြီး အကောင်အထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း။
စာအုပ်စာပေထုတ်ဝေရေးကဏ္ဍတွင်လည်း နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး စာပေ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ စာပေ ဆိုင်ရာထူးချွန်ဆုများသာမက စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်း မွန်စွာ တတ်မြောက်သည့်ပုဂ္ဂိုလ်များကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့် အပ်နှင်းလျက်ရှိကြောင်း။
မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းအတု အယောင်များ၊ အမုန်းစကားများ၊ ကျင့်ဝတ်သိက္ခာမဲ့ သတင်းအချက်အလက်များက ဟန့်တားဖျက်ဆီးလျက်ရှိကြောင်း၊ တိုင်းရင်းသားညီညွတ်မှုကိုလည်း ပျက်စီးစေနိုင် ကြောင်း၊ မိမိတို့ အားလုံးမျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့် အယှက် ဖြစ်စေကြောင်း။
အနာဂတ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပြည်ထောင်စုကြီးကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထာဝရ ငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့တွင် စွမ်းရည် ပြည့်စုံထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ယနေ့အချိန်တွင် အနာဂတ်၏အင်အားများဖြစ်သည့်လူငယ်များကို ကိုယ်ရည်ကိုယ် သွေး၊ ကိုယ်စွမ်းကိုယ်စများ မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ယင်းအတွက် လိုအပ်သည့် အာဟာရမှာ စာပေလေ့လာဖတ်ရှုခြင်းဖြစ်ပြီး စာပေပညာရှင်၊ စာဆိုတော်များ၏ စာကောင်းပေမွန်များကို လေ့လာဖတ်ရှု သိုမှီးကြရမည် ဖြစ်ကြောင်း။
စာအုပ်စာပေဟူသည်မှာ မည်မျှပင် ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင်ဖြစ်သည့်အတွက် ယခင်ကထုတ်ဝေခဲ့သည့် စာကောင်းပေမွန်များကို မျိုးဆက်သစ်လူငယ်များ လေ့လာနိုင်ရန်အတွက် ပြန်လည် ထုတ်ဝေသင့်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း ကြီးက ထုတ်ဝေခဲ့သည့် လူထုသိပ္ပံကျမ်းတွဲများနှင့် အခြား ပြန်လည်ထုတ်ဝေ ဖြန့်ချိ သင့်သည့် စာအုပ်စာပေများကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ပြန်လည်ထုတ်ဝေ ရန်လမ်းညွှန်မှာကြားထားကြောင်း၊မြဝတီစာပေတိုက်ကလည်း ထုတ်ဝေလျက်ရှိ ကြောင်း။
မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို ပြည်သူများ လိုလားချက်နှင့်အညီ တည်ဆောက်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်ရေးအတွက် အသိ ပညာ၊ အတတ်ပညာ ကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေ ရေးနှင့် အသိပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော် တည် ဆောက်ပေးရန် လိုအပ်ကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် စာအုပ်စာပေများ၏ အသိပညာပေးမှု၊ လမ်းညွှန်မှုများက သာယာဝပြောသည့် လူ့ဘောင်အဖွဲ့အစည်း ဖြစ် ပေါ်လာစေရေးကို များစွာအထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်ကြောင်း။
မြန်မာ့သမိုင်းတစ်လျှောက် စာပေစွမ်းအားနှင့် မြန်မာ့ဂုဏ် မြင့်မားအောင်၊ အကျိုးစီးပွားတိုးတက်အောင်ဆောင်ရွက်ခဲ့သည့် ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆို၊ စာဆိုတော်ပညာရှင်ကြီးများကို ချီးကျူးပူဇော်ဂုဏ်ပြုခြင်းသည် မြန်မာတို့၏ ဂုဏ်ယူ ဖွယ်ရာအစဉ်အလာတစ်ရပ်ဖြစ်ကြောင်း၊ အစဉ်အလာကောင်းကို ဝါရင့်စာပေပညာရှင် ကြီးများက ထိန်းသိမ်းပြီး မျိုးဆက်သစ်ကလောင်ရှင်များကို လက်ဆင့်ကမ်းပေးကြရန် တိုက်တွန်းလိုကြောင်း၊ မျိုးဆက်သစ် ကလောင်ရှင်များကလည်း စာပေဆိုင်ရာ ကျင့် ဝတ်၊ နီတိများကိုထိန်းသိမ်းပြီး ခေတ်ကိုထင်ဟပ်စေသည့်၊ အမျိုးဘာသာ သာသနာ ကောင်းကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့်၊ နိုင်ငံ့ပုံရိပ်ကို မြှင့်တင်နိုင်သည့်၊ စာဖတ် ပရိသတ်အတွက် စာဖတ်မှုအရည်အသွေး တိုးမြှင့်စေပြီး ကောင်းကျိုးပြုစေသည့် စာကောင်းပေမွန်များကို ရေးသားဖွဲ့ဆိုနိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းမှာကြားလိုကြောင်းနှင့် မြန်မာစာပေလောက ခိုင်မြဲစည်ပင် ဖွံ့ဖြိုးရေးအတွက် ဆက်လက်ပါဝင် ကူညီပေးကြရန် မေတ္တာရပ်ခံအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့က ၂၀၂၃ ခုနှစ်၊ အမျိုးသားစာပေတစ်သက်တာဆုရရှိကြသည့် စာပေ ပညာရှင် ဆရာကြီး ဒေါက်တာ မင်းတင်မွန်(ပါရဂူမင်းနန္ဒာ)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာ တိုးလှ၊ စာပေပညာရှင်ဆရာကြီး ဦးညွန့်ဆွေ(မောင်ဆွေသက်)၊ စာပေပညာ ရှင် ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာကျော်ဝင်း(သမိုင်းပါမောက္ခ-ငြိမ်း)နှင့် စာပေပညာရှင်ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့ကို ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က (၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင် အား ဂါရဝပြုပေးအပ်သည်။
ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်နှင့် ဦးမောင်မောင်အုန်းတို့က အမျိုးသားစာပေဆု ရရှိသူများနှင့် စာပေဗိမာန်စာမူဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဦးကျော်ဝင်း သမိုင်း ပါမောက္ခ(ငြိမ်း)က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ၎င်းနောက် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက “စာပေစေတနာ စာပေဆန္ဒ” ယိမ်းအကဖြင့် လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ စာပေဂုဏ်ရောင် ထွန်းပြောင် တန်ဆောင် ဆီမီး ” ကဇာတ်ဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ် အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိကြ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသား စာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့ကြသူများ၊ အနု ပညာရှင်များ၊ စာပေပညာရှင်များနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံး ဆောင်ကြသည်။
နေလယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက် တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။