နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ တွံတေးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီးအဆင့် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း အသားဖူလုံရေးအတွက် ဒေသနွားနှင့် နို့စားနွား၊ ဒေသကျွဲနှင့် နို့စားကျွဲ၊ ဝက်၊ ဆိတ်၊ သိုး၊ ဥစားကြက်၊ အသားစား ကြက်၊ တိုင်းရင်းကြက်၊ ဘဲ၊ မန်ဒါလီ၊ ငုံး များ မွေးမြူထားရှိမှု၊ မွေးမြူရေးလုပ်ငန်းများ အလိုက် မျိုးခြံများ ဆောင်ရွက်ထားရှိမှု၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ပစ္စည်းထုတ်လုပ်နိုင်မှု၊ အစာစပ် စက်ရုံများမှ အစာများ ထုတ်လုပ်ပေးလျက်ရှိမှု၊ မွေးမြူရေးဇုန်များအလိုက် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ငါး၊ ပုစွန်၊ ဂဏန်း မွေးမြူထားရှိမှု၊ ရွှေမုယင်းဒေသရှိ ငါးမွေးမြူရေးကန်များနှင့်ငါးထုတ်လုပ်နိုင်မှု၊ တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ တွံတေးမွေးမြူရေးဇုန်အား အပိုင်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိမှုနှင့် တိရစ္ဆာန်အမျိုးအစားအလိုက်မွေးမြူထုတ်လုပ်လျက်ရှိမှု၊ ရေ ရရှိရေးဆောင်ရွက် ပေးထားမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ရေရရှိရေးသည်အဓိကကျပြီး ဇုန်များအလိုက်ရှိ မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် လုံလောက်သည့် ရေပမာဏပေးဝေနိုင်ရေး စနစ်တကျတွက်ချက် ဆောင်ရွက် ပေးရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက်လိုအပ်သည့် တိရစ္ဆာန် အစာနှင့်ပတ်သက်၍လည်း ဇုန်များအလိုက် ရပ်ဝေးမှ မှာယူမည်ဆိုပါက ကုန်ကျစရိတ် များ ပိုမိုများပြားနိုင်မည်ဖြစ်ကြောင်း၊ သွင်းအားစုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များ နည်းပါးမည်ဆိုပါက စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်မည်ဖြစ်သဖြင့် ဇုန်များအလိုက်ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများ ဖြင့် တိရစ္ဆာန်အစာထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိ လာသည့် စွန့်ပစ်ပစ္စည်းများကိုလည်း တိရစ္ဆာန်အစာအဖြစ်အသုံးပြုနိုင်မည် ဖြစ်ကြောင်း။
ဇုန်များအလိုက် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်သကဲ့သို့ Green zone Area များကိုလည်း ဖော်ဆောင်ပေးရန်လိုကြောင်း၊ လမ်းဘေးဝဲယာတစ်လျှောက် မြက်နှင့် အရိပ်ရ လေကာပင်များကိုလည်း စိုက်ပျိုးရန်လိုကြောင်း၊ ဇုန်များအလိုက် လျှပ်စစ် ဓာတ်အား ရရှိရေးအတွက်လည်း ဆောင်ရွက်ရန်လိုပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ခြင်းများကို ဆောင်ရွက်မည်ဆိုပါက မွေးမြူရေးလုပ်ငန်းများ အတွက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက် ရာတွင် ဒေသန္တရမွေးမြူခြင်း မဖြစ်စေလိုဘဲ စီးပွားဖြစ်စနစ်တကျမွေးမြူဆောင်ရွက် သွားရန်လိုကြောင်း၊ လှောင်မွေးသည့်စနစ်ဖြစ်သဖြင့် တိရစ္ဆာန်များအတွက်လိုအပ်သည့် ရေနှင့်အစာများကို အပြည့်အဝကျွေးမွေးနိုင်ရန်လိုကြောင်း၊ စနစ်ကျနသည့် မွေးမြူရေး စနစ်ကို ဖော်ဆောင်သွားရန်လိုပြီး မည်ကဲ့သို့ မွေးမြူမည်၊ ထုတ်ကုန်များအား ကုန်ချော အဆင့်သို့ မည်ကဲ့သို့ထုတ်လုပ်မည်၊ ရေရှည် အကျိုးစီးပွားနှင့် စဉ်ဆက်မပြတ်သည့် ထုတ်လုပ် မှုဖြစ်စေရေး မည်ကဲ့သို့ ဆောင်ရွက်မည်ကို စနစ်တကျဖြင့် တွက်ချက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ (Agro Base Industry) ကို ဖော်ဆောင် သွားရမည်ဖြစ်ပြီး တန်ဖိုးမြင့်စက်မှုကုန်ထုတ်လုပ်ငန်းများကို ထုတ်လုပ်နိုင်ရမည်ဖြစ် ကြောင်း။
မွေးမြူရေးဇုန်များအလိုက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံ များ၊ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း ကြိုတင် တွက်ချက်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ လက်ရှိဆောင်ရွက်ထားသည့်အခြေ အနေများအရ ရန်ကုန်တိုင်းဒေသကြီး၏ အသားဖူလုံမှုကို အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်သည်ကို တွေ့ရှိရပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက် အောင်မြင်စေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ရေအရင်းအမြစ်များတွင် မိုးကောင်းသောက်ရေ၊ ဆည်ရေ၊ မြစ်ချောင်းရေ၊ မြေအောက်ရေ ဟူ၍ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်ရေကို မဖြစ်မနေရရှိအောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ နိုင်ငံတကာတွင် အောင်မြင် လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လေ့လာကြည့်မည်ဆိုပါကလည်း ရေ သည် အဓိကအရင်းအမြစ်ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအောင်မြင်ခြင်းဖြင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့ စီးပွားတိုးတက်ရေးအတွက်လည်း များစွာအထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ကိန်းဂဏန်းအချက်အလက်များအရ အောင်မြင်မှု ရရှိနေသည်၊ အထွက်နှုန်းကောင်းနေသည်ကို ကျေနပ်နေ၍မရဘဲ မြေပြင်လက်တွေ့၌ အမှန်တကယ်အောင်မြင်မှုရှိရန်လိုကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဌာနအလိုက်မှ တာ ဝန်ရှိသူများအနေဖြင့် မြေပြင်အချက်အလက်များနှင့် ကိန်းဂဏန်းအချက်အလက်များ တူညီမှုရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ လူသားတို့၏ နေ့စဉ်ဘဝတွင် စားဝတ် နေရေးဟူ၍ရှိပြီး စားရေးသည်အဓိကအရေး ကြီးသည့်အချက်ဖြစ်ကြောင်း၊ အူမတောင့်မှ သီလစောင့်မည်ဖြစ်သဖြင့် မိမိတို့ အုပ်ချုပ်သူအစိုးရတာဝန်ရှိသူများအနေဖြင့် ပြည်သူများ ၏ စားရေးတွင် ဖူလုံမှုရှိစေရေး၊ အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရရှိရေး၊ ပတ်ဝန်းကျင်ကောင်းရရှိစေရေး ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းဖြင့် မှာကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် တွံတေးမွေးမြူရေးဇုန်အတွင်းရှိ ဦးစိုးအောင်၏ ဆိတ်မွေးမြူရေးခြံ၊ ဦးအောင်လင်းဦး၏ ရွှေဘဲ(အသားတိုးဘဲ)မွေးမြူရေးခြံ၊ ဦးဇာရား ၏ ဥစားဘဲ မွေးမြူရေး ခြံ၊ ဦးမြင့်နိုင် ၏ ငုံးမွေးမြူရေးခြံ၊ ဦးကျော်မင်း ၏ နို့စားနွားမွေးမြူရေးခြံ နှင့် ဒေါ်လဲ့ရည်ဝင်း ၏ ဝက်မွေးမြူရေးခြံတို့အား လှည့်လည်ကြည့်ရှု၍ မွေးမြူရေးခြံအလိုက် တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပြန်လည်မေးမြန်းဆွေးနွေး အကြံပြုပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ယခုအခါ မွေးမြူရေးဇုန် အတွင်း လှောင်မွေးစနစ်ဖြင့် စတင်မွေးမြူခြင်းဖြစ်ကြောင်း၊ ခေတ်မီမွေးမြူရေးစနစ်သို့ ရောက်ရှိရဦးမည်ဖြစ်သော်လည်း စနစ်တကျမွေးမြူနိုင်သည့်စနစ်သို့ ရောက်ရှိနေပြီဖြစ် ကြောင်း၊ မွေးမြူရေးဇုန်စတင်အကောင်အထည်ဖော်ဆောင်ရွက်သည်မှာ တစ်နှစ်ကျော် ကာလခန့်မျှသာ ရှိသည်ဖြစ်သော်လည်း “အစကောင်းမှ အနှောင်းသေချာ” ဆိုသည့် အတိုင်း လုပ်ငန်းများ စတင်ဆောင်ရွက်စဉ်ကတည်းကပင် စနစ်တကျဖြင့် ဆောင်ရွက် သွားရန်လိုကြောင်း၊ လှောင်မွေးစနစ်ဖြင့် မွေးမြူခြင်းဖြစ်သဖြင့် အစာ၊ ရေ နှင့် အခြား လိုအပ်ချက်များ ပြည့်ဝစွာရရှိစေရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
အဆိုပါ တွံတေးမြို့နယ်ရှိ တွံတေးမွေးမြူရေးဇုန်အား ရန်ကုန်တိုင်းဒေသကြီး အတွင်းနေထိုင်ကြသော ပြည်သူလူထု သက်သာချောင်ချိရေးနှင့် အဟာရပြည့်ဝသည့် စားသောက်ကုန်များ စားသုံးနိုင်ရေး သားငါးထုတ်လုပ်မှုလုံလောက်မှုရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း မြေဧရိယာ ၅၈၁ ဒသမ ၅၄ ဧကပေါ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မွေမြူရေးဇုန်အား အပိုင်း ၃ ပိုင်းခွဲခြား၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဇုန်များအလိုက် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး၊ ငုံး၊ ဘဲ များကို မွေးမြူထားရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများအောင်မြင်မှုရရှိစေရေး တာဝန်ရှိသူများ နှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော်အစိုးရမှလည်း လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။