နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများ သည် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိ နေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ် အကြီးအကဲ Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅)တွင် လက်ခံလက်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား လေကြောင်း ခရီးသွားလာမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံမှုတိုးမြှင့်ရေး၊ ဘဏ်လုပ်ငန်း၊ ရင်းနှီး မြှုပ်နှံမှု၊ သာသနာရေးနှင့် ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စက်မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ပညာရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နေမှုများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အလားအလာ များကို နှစ်ဘက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးချုပ်များနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။