တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဆင်းပွဲများကျင်းပ နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာလ ၁၄ ရက်

Thursday, November 14, 2024 - 15:45

          နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်း ပြည့်ဝစေရန်ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်အသီးသီးမှ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ပထမနှစ်အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ်အခြေခံစစ်ပညာသင်တန်းနှင့် ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းတို့ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစ၍သင်တန်းများဖွင့်လှစ်ကာ လေ့ကျင့် သင်ကြားပေးခဲ့သည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းဆင်းပွဲများကို နေပြည်တော် ကောင်စီနယ်မြေတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မိုင်းမောမြို့တွင် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်လည်းကောင်း နယ်မြေခံသင်တန်းကျောင်းခန်းမ များ၌ ပြုလုပ်ကြသည်။

          အဆိုပါ သင်တန်းဆင်းပွဲများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သင်တန်းဆင်း အမှာစကားများ အသီးသီးပြောကြားကြသည်။

          ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက မိုးရာသီစခန်းချလေ့ကျင့်ရေး သင်တန်းများအတွက် အမှတ်တရလက်ဆောင်ပစ္စည်း၊ ဆုတံဆိပ်ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများနှင့် ဆုရရှိကြသူ များမှ အသီးသီးလက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်ခဲ့ကြသည်။

အဆိုပါသင်တန်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၆၈ ဦးတို့ကို သင်တန်းကာလ ၇ ပတ်ဖွင့်လှစ်၍ ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ မြန်မာ့သိုင်းဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုဘာသာရပ်၊ စစ်နည်းဗျူဟာ ဘာသာရပ်၊ သဘောတရားရေးဆိုင်ရာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ ကျန်းမာရေးနှင့်ရှေးဦးသူနာပြုဘာသာရပ်များနှင့် စက်ပစ်ကွင်းလက်တွေ့ပစ်ခတ်ခြင်း သင်ခန်းစာများအား လေ့ကျင့်သင်ကြားပေးခြင်းအပြင် အထွေထွေဗဟုသုတရရှိစေရေး အတွက် ပြင်ပလေ့လာရေးခရီးစဉ်များကိုလည်း လိုက်ပါပို့ဆောင်ခဲ့ကြောင်း သတင်း ရရှိသည်။