ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့်အဖွဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်၍ ရန်ကုန်မြို့အတွင်း  ကြည့်ရှုလေ့လာ ရန်ကုန်    နိုဝင်ဘာ ၁၃

Wednesday, November 13, 2024 - 15:30

          ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်၍ ရန်ကုန်မြို့အတွင်း  လှည့်လည်ကြည့်ရှု လေ့လာသည်။

          နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ် အကြီးအကဲ သည် ရွှေတိဂုံစေတီတော်မြတ်သို့ ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ဝန်ကြီးများ၊ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများက  ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက်  ရွှေတိဂုံတော်စေတီတော်ကြီးအား  ဖူးမြော်ကြည်ညို၍ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးများ ဆက်ကပ်လှူဒါန်းပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးသည်။

ယင်းနောက် ဧည့်သည်တော်များအား ဂေါပကအဖွဲ့က ‌ရွှေတိဂုံစေတီတော်မြတ် ပုံတော်ကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်သည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့်အဖွဲ့ သည် (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်နေမှုကို ကြည့်ရှုအားပေးကြသည်။  

     ယင်းနောက်    ဗိုလ်ချုပ်ဈေးသို့ ရောက်ရှိပြီး    ဈေးအတွင်း   ခင်းကျင်းပြသရောင်းချ လျက်ရှိသည့် လက်ဝတ်ရတနာများ၊ ကျောက်စိမ်းပန်းပုနှင့် လည်ဆွဲပစ္စည်းများ၊ ရိုးရာ အဝတ်အထည်များ၊ ရွှေခြည်ငွေခြည်ထိုးလက်ရာ ပစ္စည်းများ၊ ယွန်းထည် ပစ္စည်းများ၊ မြန်မာ့ရိုးရာလက်မှုပစ္စည်းများ၊ ပန်းချီ၊ ပန်းပုပစ္စည်းများကို လှည့်လည်ကြည့်ရှုကြ သည်။ 

          ဆက်လက်၍    မြို့တော်ခန်းမ၊ ဝန်ကြီးများရုံး၊ ကန်တော်ကြီးနှင့် ကရဝိတ် တို့ကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

          ယင်းနောက်   သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ရောက်ရှိပြီး  နိုင်ငံတော်ဩဝါဒစရိယ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော် ဘဒ္ဓန္တဉာဏိဿရ အား ဖူးမြော်ကြည်ညို၍  လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိ  Seminar Hall  နှင့် မျက်စိခွဲစိတ်ခန်း တို့ကို ကြည့်ရှု လေ့လာကြသည်။

         ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရား ပြည်နယ်အကြီးအကဲ နှင့် အဖွဲ့သည်  ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများ ၊ ဌာနဆိုင်ရာ များက ပုသိမ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

          ထို့နောက် ဧည့်သည်တော်အဖွဲ့သည် ပုသိမ်မြို့မှ ချောင်းသာ ကမ်းခြေသို့ ရောက်ရှိပြီး  ချောင်းသာကမ်းခြေ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်မီးပုံးပျံများ လွှတ်တင်ခဲ့ကြပြီးနောက် ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ်က AZ URA Hotel ၍ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။