ရေစကြိုမြို့နယ်၊ နေရင်းကျေးရွာကို ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိ နေပြည်တော်၊ နိုဝင်ဘာ ၈

Friday, November 8, 2024 - 16:30

          မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ နေရင်းကျေးရွာကို နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့ တို့တွင် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင် သွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ ရေစကြိုမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ နေရင်းကျေးရွာကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက သွားရောက်ခဲ့ခြင်းမရှိကြောင်းနှင့် အဆိုပါ သတင်းမှာလည်း သတင်းအမှားသာဖြစ်ကြောင်း၊ PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတို့ကို ထောက်ခံအားပေးခြင်းမရှိသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများ ကို ဖမ်းဆီးသတ်ဖြတ်လျက်ရှိသည့်အတွက် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဒေသခံ ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

          တရားမဝင်ပြည်ဖျက်မီဒီယာများသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများကို ဖုံးကွယ်ပြီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် မဟုတ်မမှန် စွပ်စွဲရေးသားကာ ဝါဒဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။