နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား နေပြည်တော် ၊  နိုဝင်ဘာ - ၈

Friday, November 8, 2024 - 16:15

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများ ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြားရာတွင် မျက်မှောက်ကာလတွင် ရာသီဥတု ပြောင်း လဲမှု ဖြစ်စဉ်များကို ကမ္ဘာ့နိုင်ငံ အများအပြား တွေ့ကြုံခံစားနေရပြီး ပြင်းထန်သည့် သဘာဝ ဘေးများဖြစ်သော ရုတ်တရက် ရေကြီးခြင်း၊ ပြင်းထန်အားကောင်းသည့် မုန်တိုင်းကြီးများ ဖြစ်ပေါ်ခြင်းများကို တွေ့ကြုံခံစားနေရကြောင်း၊ အမေရိကန် နိုင်ငံတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ရက်သတ္တပတ် (၂)ပတ်ခန့်ခြားကာ အင်အား အလွန်ပြင်းထန်သည့် ဟာရီကိန်းမုန်တိုင်းများဖြစ်သော Helene, Milton, Leslie မုန်တိုင်း များဖြစ်ပွားခဲ့၍ လူသန်းနှင့်ချီပြီး ရွှေ့ပြောင်းခဲ့ရ သကဲ့သို့ အမေရိကန်ဒေါ်လာ ဘီလီယံ ရာနှင့်ချီပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း၊ ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်း အတွင်းကလည်း စပိန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့ သည့် ရေဘေးကြောင့် သေဆုံးသူ(၂၀၀)ကျော် ခန့်ရှိခဲ့သည်ကို တွေ့ရှိရကြောင်း။ အလားတူ ဖိလစ်ပိုင်နိုင်ငံတွင်လည်း သဘာဝ ဘေးဒဏ် ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း။

မြန်မာနိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများကဲ့သို့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲ မှုကြောင့် ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်နေရပြီး သဘာဝဘေး အန္တရာယ်ထိခိုက်ပျက်စီးဆုံးရှုံးနိုင်ခြေ အများဆုံးစာရင်းထဲတွင် ပါဝင်နေကြောင်း၊ ယခု လတ်တလောတွင် မုတ်သုံကာလလွန်မြောက်ပြီ ဖြစ်သော်လည်း တောင်တရုတ် ပင်လယ်ပြင်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့် လည်းကောင်း၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများ နှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသည့် လေအေးများတွေ့ဆုံမှုကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် လည်းကောင်း ယခုရက်ပိုင်း အတွင်း  မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ ပြီးဖြစ်ကြောင်း၊ နိုဝင်ဘာ ၇ ရက်က ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ်၌ မိုးရေချိန် ၈ လက်မခန့် ရွာသွန်းမှုဖြစ်ပေါ်ခဲ့ကြောင်း။

ထို့ပြင် တိုင်ဖွန်းမုန်တိုင်း ရင်ရှင်း(YINXING)သည် နိုဝင်ဘာ (၇)ရက်တွင် ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်ခဲ့ပြီး အနောက်ဘက်နှင့် အနောက်မြောက်ဘက်ဆီသို့ ဦးတည်လျက်ရှိသည်ကို သတင်းများ၌ တွေ့ရကြောင်း၊ မုန်တိုင်းလမ်းကြောင်းသည် ယခင် ရာဂီမုန်တိုင်း ဝင်ရောက်ခဲ့သည့် လမ်းကြောင်းနှင့် တူညီကြောင်း သိရှိရကြောင်း၊  ယခင် ရာဂီမုန်တိုင်း ဝင်ရောက်စဉ်က စက်တင်ဘာလ(၂) ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ (၇)ရက်တွင် ဗီယက်နမ်နိုင်ငံ၊ (၈)ရက်နှင့် (၉)ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက် ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုဖြစ်စဉ်တွင် တိုင်ဖွန်းမုန်တိုင်း ရာဂီအဖျားခတ်ချိန်၌ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းငယ်ဖြစ် ပေါ်ချိန် တိုက်ဆိုင်လျက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ရှမ်းပြည်နယ်တို့တွင် မိုးကြီးပြီး ရေလျှံ ဒုက္ခဘေးခံစားခဲ့ရသလို ယခုအခါလည်း မြန်မာနိုင်ငံအပေါ်၌ လေအေးစီးကြောင်းနှင့် လေနွေးစီးကြောင်းထိတွေ့မှုကြောင့် မိုးရွာသွန်းချိန် ဖိလစ်ပိုင်မှတိုင်ဖွန်းမုန်တိုင်းရင်ရှင်းက လည်း ဗီယက်နမ် နိုင်ငံဘက်သို့ ဦးတည်ချိန်နှင့် ဖြစ်စဉ်တူ၊ လမ်းကြောင်းတူ တိုက်ဆိုင် နေသဖြင့်  မိုးကြီးရေလျှံမှုနှင့်မြေပြိုမှုများ ဖြစ်ပွားလာမှုအပေါ် ကြိုတင် မျှော်တွေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ကြရမည်ဖြစ်ကြောင်း။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနနှင့်နိုင်ငံတကာမိုးလေဝသခန့်မှန်းဌာနများ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ အတွင်း နိုဝင်ဘာလ ၈ ရက်မှ ၁၇ ရက်အတွင်း ရွာသွန်းမြဲအောက်နှင့် ရွာသွန်းမှု အနည်း ငယ်သာရှိမည်ဟု ခန့်မှန်းထားသော်လည်း မိမိတို့ဘက်မှ ထပ်မံ၍ ရာဂီမုန်တိုင်း အဖျား ခတ်မှုဖြစ်စဉ်ကဲ့သို့ ထပ်မံမဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း များကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်မိုးရာသီကာလတွင် မိုးများပြားစွာ ရွာသွန်းခဲ့ ခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြေသားများ စိုထိုင်းဆ များပြား လျက်ရှိပြီး ကျစ်လျစ်မှုအားနည်းနေသည့်အတွက် ယခင်ရာဂီကဲ့သို့ မိုးရေချိန် လက်မ များစွာရရှိပါက တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ထိခိုက်လာနိုင်သည့် အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုသို့ ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခြင်း၊ ယခင်အတွေ့အကြုံအရ ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သည့် နေရာများတွင် နေထိုင်သူများကို ပြောင်းရွှေ့နေရာချထားနိုင်ရန် အတွက် ရွှေ့ပြောင်းမည့်နေရာများ သတ်မှတ်ခြင်း၊ ရေသန့်နှင့် အစားအသောက်များ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊  ရွှေ့ပြောင်းရန် ယာဉ်ယန္တရား များ စုဖွဲ့ပြင်ဆင်ထားခြင်း၊ အချိန်မီရွှေ့ပြောင်းခြင်း၊ ရွှေ့ပြောင်းရန် လိုအပ်သူများအား ရွှေ့ပြောင်းပေးရာတွင်လည်း ငြင်းဆန်သူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ စည်းရုံး၊ တိုက်တွန်း ရွှေ့ပြောင်းပေးနိုင်ရေးတို့ကို  ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ရာဂီမုန်တိုင်း ကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို သင်ခန်းစာယူပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပျက်စီးဆုံးရှုံးမှုအနည်းဆုံး (သို့မဟုတ်) မရှိသလောက် ဖြစ်အောင် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း။

ရာဂီမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများနှင့်ပတ်သက်ပြီး  ရေဘေးသင့်ဒေသများ၏ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် ဦးဆောင်လမ်းညွှန်မှုများ ပြုလုပ်ခဲ့သည့်အပေါ်တွင် အမျိုးသားကော်မတီအနေဖြင့် ချက်ချင်းလိုက်နာ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဘေးသင့်ဒေသများအတွက်  လိုအပ်သည့် ထောက်ပံ့မှုများ ပြုလုပ်ခြင်း၊ သေဆုံးထိခိုက် ဒဏ်ရာရရှိသူများ၊ အိုးအိမ်ဆုံးရှုံး ခဲ့ရသူများအတွက် ထောက်ပံ့မှုများပြုလုပ်ခြင်း၊ အရေးပေါ်စားနပ် ရိက္ခာများ ထောက်ပံ့ခြင်း စသည့် လုပ်ငန်းများအတွက် ငွေကျပ်(၂၅)ဘီလီယံကျော်ကို သုံးစွဲ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း။

ထို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်း ဆက်သွယ်ရေးစသည့် ကဏ္ဍပေါင်းစုံကိုလည်း အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရန် အတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိခြင်း ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအနေဖြင့် အရှိန်ရနေသည်ကို တွေ့ရ ကြောင်း။

နိုင်ငံတော်၏ မတည်ရန်ပုံငွေ၊ အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ရေဘေးသင့်ဒေသများရှိ စာသင်ကျောင်းများကို အမြန်ဆုံးပြုပြင်၍ ပြန်လည် ဖွင့် လှစ်နိုင်အောင် ဆောင်ရွက်ခဲ့ရာ ရေဘေးဖြစ်ပွားပြီး (၁)လခန့်အတွင်းတွင် အခြေခံ ပညာကျောင်းများအားလုံးကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်အောင် စေတနာမေတ္တာ အပြည့်ဖြင့် လှူဒါန်းပေးကြသည့် အလှူရှင်များကို ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက်လည်း လိုအပ်သည့် မျိုးစပါး နှင့် တိရစ္ဆာန်ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အခြားသော စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများတွင်လည်း ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း။

မိမိတို့အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားကြိုး မာန်တက် ဆောင်ရွက်နေချိန်တွင် နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ ကိုလည်း အလေးထားစောင့်ကြည့်ပြီး လိုအပ်သလို ပြင်ဆင်မှုများဆောင်ရွက်ကြရန် အရေးကြီးလိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီး ဌာနများ/အဖွဲ့အစည်းများ၊ လုပ်ငန်းကော်မတီများ၊ နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် လတ်တလော ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုအခြေအနေများနှင့် စပ်လျဉ်းပြီး ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေများ၊ ပြည်ထောင်စုအဆင့်က ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည်များကို ဆွေးနွေး တင်ပြကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒေါက်တာစိုးဝင်းတို့က လတ်တလော ဖြစ်ပေါ်နေ သည့် ရာသီဥတုအခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် အခြေ အနေများ၊  သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက ထိခိုက်မှုနည်းပါးစေရန် ဒေသအလိုက် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များဖွဲ့စည်း၍ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက် ထားမှုနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ကူညီ ကယ်ဆယ်ရေးပစ္စည်းများ ဝယ်ယူဖြည့်ဆည်းထားရှိမှုများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်း ရင်ရှင်း၏ လမ်းကြောင်းအခြေအနေနှင့် ဆက်လက် ဖြစ်ပေါ်နိုင်သည့် မိုးလေဝသ ခန့်မှန်းချက် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဒေသအလိုက်၊ ကဏ္ဍအလိုက် အရေးပေါ်တုံ့ပြန်ရေး၊ ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုအခြေအနေများကို ဆွေးနွေးတင်ပြကြ သည်။

          ထို့နောက် သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၊ ကနဦး လိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်း ကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကော်မတီနှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီတို့မှ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများက သက်ဆိုင် ရာ ကဏ္ဍအလိုက် ဆောင် ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

ယင်းနောက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။