MNDAA အကြမ်းဖက်သောင်းကျန်းသူများက နမ့်လန်မြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာများရရှိ နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ - ၅

Wednesday, November 6, 2024 - 06:30

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက် ကျေးရွာများကို MNDAA အကြမ်းဖက်သောင်းကျန်းသူများက ယနေ့မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက်ကျေးရွာများအတွင်းသို့ ယနေ့မွန်းလွဲ ၁ နာရီ ၁၀ မိနစ် ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်နှင့် အသက် ၉ နှစ် အရွယ် ကလေးငယ် ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်များအား နမ့်လန်မြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသ မှုခံယူစေလျက်ရှိကြောင်းနှင့်တာဝန်ရှိသူများက လိုအပ်သည်များသွားရောက် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးနှင့် မသက်ဆိုင်ဘဲ အေးချမ်းစွာနေထိုင်လျက်ရှိသည့် မြို့/ရွာများအတွင်း ယခုကဲ့သို့ ဒေသခံပြည်သူများ အသက်အန္တရာယ်ထိခိုက်သေကြေစေရန် ရည်ရွယ်၍ ယုတ်မာရက်စက်စွာ ပစ်ခတ် တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး ဒေသခံပြည်သူများက ၎င်းတို့၏ လုပ်ရပ်များကို ရွံရှာစက်ဆုပ်၍ ပြင်းထန်စွာကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter-Terrorism Operation)ကို ပြည်သူများနှင့် ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။