ဟားခါးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ နေပြည်တော်၊ အောက်တိုဘာ ၂၉ ရက်

Tuesday, October 29, 2024 - 15:15

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အောက်တိုဘာလ ၂၈ ရက် မနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိ ရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ အကြမ်းဖက်သမားများသည် ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်းရှိ ကျေးရွာများတွင် ခိုအောင်းလှုပ်ရှားနေပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား အဝေးမှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ နေထိုင်သည့် လူနေရပ်ကွက်၊ ကျေးရွာများကို လက်နက်ကြီးများ၊ Drop Bomb များဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ် နေသဖြင့် အကြမ်းဖက်မှုကိုမလိုလားသော ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများ ခိုအောင်းနေသည့် နေရာများကို ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ အကြမ်းဖက်သမားအချို့ ထိခိုက်ကျဆုံးခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။

ထိုသို့ အကြမ်းဖက်သမားများက အထိအခိုက်အကျအဆုံးများပြားလာပြီး ပြည်သူလူထု၏ ထောက်ခံအားပေးမှုလည်း ကျဆင်းလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုက အထင်အမြင် လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက ယခုကဲ့သို့ ဖြစ်စဉ်လွဲမှားသော မဟုတ်မမှန် သတင်းများအား ရေးသားဖြန့်ဝေနေ ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။