(၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဖွင့်ပွဲ အခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်ဖွင့်လှစ် နေပြည်တော် အောက်တိုဘာ ၂၂

Tuesday, October 22, 2024 - 18:15

မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ( ၁ ) (MICC-1)၊ ကျောက်စိမ်းခန်းမ၌ ကျင်း ပရာ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက် ဖွင့်လှစ်ပေးသည်။
(၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ အထူးဧည့်သည် တော် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) ဥက္ကဋ္ဌ Mr. Ahmed Naser AI-Raisi ၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှရဲချုပ်များ၊ အဆင့်မြင့်ရဲအရာရှိကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ ကိုယ် စားလှယ်အဖွဲ့ဝင်များ၊ ဆွေးနွေးဘက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Dialogue Partners) ဖြစ်သည့် ရုရှား၊ သြစတြေးလျ၊ တရုတ်၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊ လေ့လာဘက်နိုင်ငံနှင့် အဖွဲ့အစည်း များ (Observers) ဖြစ်သည့် တီမောလက်စ်တေ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့မှ ကိုယ်စားလှယ်များ၊ အာဆီယံ နိုင်ငံများမှ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
ညီလာခံဖွင့်ပွဲမတိုင်မီ အထူးဧည့်သည်တော် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက ဂုဏ်ထူးဆောင်ဧည့်သည်တော် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ( ၁ )ရှိ အခန်းအမှတ် (၂၀၀၄) ၌ ဂါရဝပြု တွေ့ဆုံကြသည်။
ညီလာခံဖွင့်ပွဲအခမ်းအနားကို နံနက် ၈ နာရီ ၂၀ မိနစ်မှ ၉ နာရီ ၃၅ မိနစ်အထိ ကျင်းပ ရာ အလံကိုင်အဖွဲ့ ဝင်ရောက်ခြင်း၊ မြန်မာ့ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေခြင်း၊ မြန်မာနိုင်ငံတော် သီချင်းနှင့် အာဆီယံရဲအဖွဲ့သီချင်းများ တီးမှုတ်ဂုဏ်ပြုခြင်း၊ တရားဥပဒေစိုးမိုးရေးတာဝန် များ ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်များအတွက် ဆုတောင်းစကားပြောကြားခြင်း နှင့် အမှတ်ရသောအားဖြင့် ၁ မိနစ် ငြိမ်သက်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခြင်း ၊ အာဆီယံရဲအဖွဲ့ ထူထောင်ခဲ့သည့်နေ့ အထိမ်းအမှတ် အစီအစဉ်ဖွင့်လှစ်ပေးခြင်း၊ အာဆီယံရဲအဖွဲ့ ထူထောင်သည့်နေ့အထိမ်းအမှတ်အဖြစ် ၁၉၈၁ ခုနှစ်မှ ယနေ့အထိ အာဆီယံရဲအဖွဲ့၏ ဆောင်ရွက်ချက်များကို ဗီဒီယိုပြသခြင်း၊ အထူးဧည့်သည် တော်က အမှာစကားပြောကြားခြင်း၊ ဂုဏ်ထူးဆောင် ဧည့်သည်တော်က ညီလာခံ အဖွင့်မိန့်ခွန်း ပြောကြား၍ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို တရားဝင် ဖွင့်လှစ် ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ညီလာခံပထမနေ့အဖြစ် ယနေ့တွင် ပထမအကြိမ် စုံညီအစည်းအဝေး၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ ဆွေးနွေးမှုဖိုရမ်၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် များနှင့်ဆွေးနွေးဖက်နိုင်ငံ/အဖွဲ့အစည်းများအကြား ဆွေးနွေးမှုဖိုရမ်တို့ကို ပြုလုပ်၍ ကော်မရှင် (အေ)၊ ကော်မရှင်(ဘီ)နှင့် ကော်မရှင်(စီ) အစည်းအဝေးများကို တစ်ပြိုင်နက်တည်း ကျင်းပ ပြုလုပ်သည်။
ကော်မရှင် (အေ)နှင့် ကော်မရှင် (ဘီ) အစည်းအဝေးများတွင် နိုင်ငံအလိုက် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းနယ်ပယ်များဖြစ်သော မူးယစ်ဆေးဝါး မှောင်ခိုမှု (Illicit Drug Trafficking)၊ အကြမ်းဖက်မှု (Terrorism)၊ လက်နက်မှောင်ခိုမှု (Arms Smuggling)၊ လူကုန်ကူးမှု (Trafficking in Person)၊ တောရိုင်းတိရိစ္ဆာန်ဆိုင်ရာ ပြစ်မှု (Wildlife Crime)၊ ပင်လယ်ရေကြောင်းဆိုင်ရာလိမ်လည်မှု (Maritime Fraud)၊ စီးပွားရေးဆိုင်ရာမှုခင်း၊ဘဏ်မှုခင်းများ၊ ခရက်ဒစ်ကတ်လိမ်လည်မှု (Commercial Crimes၊ Bank Offences and Credit Card Fraud)၊ ဆိုက်ဘာရာဇဝတ်မှု (Cybercrime)၊ ခရီးသွား စာရွက်စာတမ်းအတုပြုလုပ်မှု (Fraudulent Travel Document)နှင့် နိုင်ငံဖြတ်ကျော် လိမ်လည်မှု(Transnational Fraud)တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြမည်ဖြစ် ကြောင်း၊ ကော်မရှင် (စီ) အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား အီလက် ထရောနစ် Databaseစနစ် (e-ADS) အသုံးပြုရေး၊ မှုခင်းဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေး၊ အာဆီယံရဲအဖွဲ့များအကြား အပြန်အလှန်လေ့ကျင့်သင်တန်းပေးရေးနှင့် အာဆီယံ ရဲအဖွဲ့ မှုခင်းသိပ္ပံကွန်ရက်တည်ထောင်ရေးစသည့် အကြောင်းအရာ ၄ ရပ်ကို ဆွေးနွေးကြမည်ဖြစ်ပြီး ကောင်မရှင်များအလိုက် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို စုစည်း၍ ပူးတွဲကြေညာချက် (မူကြမ်း) ပြုစုကြမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် ဧည့်သည်တော်များ၏ ဇနီးသည်များသည် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ဖူးမြော်ခြင်းနှင့် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာခြင်း တို့ကို ဆောင်ရွက်ကြသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် လာအိုနိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက် တစ်နှစ်အကြာ ၁၉၉၈ ခုနှစ်တွင် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ကြောင်း၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် ၂နှစ်အကြာ ၂၀၀၀ ပြည့်နှစ် တွင် အကြိမ်(၂၀)မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ် (ယခု ရန်ကုန်ရှန်ဂရီလာဟိုတယ်)၌ ပထမဆုံး အကြိမ် လက်ခံကျင်းပပေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် (၃၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ဒုတိယအကြိမ် လက်ခံကျင်းပပေးခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို တတိယ အကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းဖြစ်ပြီး ညီလာခံ၏ဆောင်ပုဒ်မှာ “နိုင်ငံဖြတ်ကျော်မှုခင်း များတိုက်ဖျက်ဖို့ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆောင်ရွက်မှု ခိုင်မာအား ကောင်းရေး ဆောင်ရွက်စို့ (Strengthening Regional and Global Partnerships to Combat Transnational Crime)” ဖြစ်ကြောင်း၊ အာဆီယံရဲအဖွဲ့ ထူထောင်ခဲ့သည့်နေ့ အထိမ်းအမှတ်အစီအစဉ်သည် ၁၉၈၁ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်တွင် အာဆီယံရဲအဖွဲ့ စတင်ထူထောင်ခဲ့ပြီးနောက် ၄၃ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပထမဆုံး အကြိမ် လက်ခံကျင်းပပေးနိုင်ခဲ့သည့် ညီလာခံအစီအစဉ် တစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား အောက်တိုဘာ ၂၃ ရက် နှင့် ၂၄ ရက် တို့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။