နေပြည်တော်၊ မေ ၃၁
ရန်ကုန်မြို့နှင့် အချို့မြို့နယ်များ၌ တရားမဝင် ငွေလွှဲ/ ငွေထုတ် အိမ်တိုင်ရာရောက် ဝန်ဆောင်ခလျော့နည်းနှုန်းများယူ၍ ငွေသားပေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်မှုသည်ငွေရေးကြေးရေး အဖွဲ့စည်းများဥပဒေနှင့် တည်ဆဲဥပဒေများအပေါ် ဖောက်ဖျက်ကျူးလွန်နေသည့်အတွက် ကျူးလွန် နေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးဆောင်ရွက်ခဲ့ရာ မေလ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်နေ မချိုချိုလှိုင် (၂၉)နှစ်(ဘ) ဦးသိန်းဝင်းအား သတင်းအရ စစ်ဆေးရာ ၎င်းသည် Online Shopping လုပ်ငန်း လုပ်ကိုင်ကာ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်သူများ တန်းစီငွေထုတ်နေမှုအပေါ်အခွင့် ကောင်းယူ၍ ဝန်ဆောင်ခယူကာ အိမ်တိုင်ရာရောက် ငွေသားလိုက်လံထုတ်ပေးသည့် လုပ်ငန်းအား လုပ်ကိုင်ခဲ့ကြောင်း၊ ဝန်ဆောင်ခအနေဖြင့် ၁ သိန်းကျပ် လျှင် ၅ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းဖြင့် လိုအပ်သည့် ငွေသားအပေါ်မူတည်၍ ပေးဆောင်ရမည့် ဝန်ဆောင်ခရာခိုင်နှုန်းအား ကြိုတင်သတ်မှတ်ထားခြင်းမရှိဘဲ ညှိနှိုင်းဈေးဖြင့်သာ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ၎င်း၏ ဖုန်းအမှတ် ၀၉၇၀၅၅၅၅၆၁၀ဖြင့် ဖွင့်လှစ်ခဲ့သည့် Cho Cho Hlaing( Shilly Shally) အကောင့်ဖြင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တင်ခဲ့ကြောင်း၊ K Pay ဖုန်းနံပါတ်မှာ ၀၉၇၇၈၅၇၆၁၆၀ နှင့် Mobile Banking ဖုန်းနံပါတ်မှာ ၀၉ ၄၂၁၁၀၈၀၅၉ တို့ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ဖော်ထုတ်ဖမ်းဆီးရမိသည့် တရားမဝင် ငွေလွှဲ/ငွေထုတ် အိမ်တိုင်ရာရောက် ဝန်ဆောင်ခ လျော့နည်းနှုန်းများယူ၍ ငွေသားပေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ ချိုချိုလှိုင်(၂၉)နှစ် (ဘ) ဦးသိန်းဝင်းအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး ကျန်ရှိသော တရားမဝင် ငွေလွှဲ/ ငွေထုတ်ဆောင်ရွက်သူများအားလည်း ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။