ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ လက်လုပ်မိုင်းထောင်ရန် ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းထောင်သူအမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိ

Monday, May 31, 2021 - 14:30

နေပြည်တော်၊ မေ ၃၁

            ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ လက်လုပ်မိုင်း ထောင်ရန် ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းထောင်သူအမျိုးသား ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာမေလ ၃၀ ရက် ည ၇ နာရီ ၄၀ မိနစ်ခန့် တွင် အုတ်ဖိုမြို့နယ်၊ မိုးညိုတန်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့ လမ်းမပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဆိုင်ကယ် ၁ စီး မီးလောင်နေသည်ကိုတွေ့ရှိရပြီး ဖြစ်စဉ်အားစုံစမ်းခဲ့ရာ အမျိုးသား ၁ ဦးသည် ကျောင်းရှေ့သို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ အမျိုးသားတွင် ထိခိုက်ဒဏ်ရာများ ရရှိ၍ ထွက်ပြေးသွားကြောင်း သိရှိရသည်။

            ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်လုပ်မိုင်းထောင်ရန်ပြုလုပ်ခဲ့သည့် အမျိုးသား အား ဖမ်းဆီးရမိနိုင်ရေးအတွက် လိုက်လံပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ ဘူတာရုံလမ်း အနောက်ဘက်လမ်း ပေါ်၌ ခြေထောက်တွင် သွေးများပေကျံနေသည့် ထူးကုန်းကျေးရွာနေ ဝေယံကျော် (၁၉)နှစ် သောက်ရေသန့်စက်ရုံအလုပ်သမား ()ဦးမောင်ချိုအား တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ ၎င်းသည် လက်လုက်မိုင်း ၁ လုံးအား ကျောင်းရှေ့သို့ ဆိုင်ကယ်ဖြင့် သွားရောက်ထောင်စဉ် ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ဆိုင်ကယ်မီးလောင်ကာ ၎င်း၏ခါးအောက်ပိုင်းတို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသဖြင့် ဆေးကုသမှုခံယူနိုင်ရေး အုတ်ဖိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့သည်။

            ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရမိသူ ဝေယံကျော်အား ထပ်မံစစ်ဆေးခဲ့ရာ လက်လုပ်မိုင်း ၁ လုံး ထည့်ထားသော စက္ကူဘူးအား ကျောင်းရှေ့တွင် သွားရောက်ထောင်ထားပေးရန် မိုးညိုတန်းရပ်ကွက်နေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဟောင်း ဦးဇော်မင်း (အိုစစ်သောက်ရေသန့် စက်ရုံပိုင်ရှင်)နှင့် ၎င်း၏သားမက်ဖြစ်သူ နိုင်လင်း (၃၂)နှစ် () ဦးခင်ဝင်းတို့မှ ငွေကျပ် ၁ သိန်းပေး၍ စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

            ဝေယံကျော်၏ ဖော်ထုတ်ချက်အရ ဖောက်ခွဲဖျက်ဆီးရေးလုပ်ဆောင်ရန် ငွေပေးစေခိုင်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဟောင်း ဦးဇော်မင်း (အိုစစ်သောက်ရေသန့်စက်ရုံပိုင်ရှင်)နှင့် ၎င်း၏သားမက်ဖြစ်သူ နိုင်လင်းတို့အား ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ည ၈ နာရီ အချိန်ခန့်တွင် အိုစစ်သောက်ရေသန့်လုပ်ငန်းနှင့် နေအိမ်တွဲလျက်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းတို့ ၂ ဦးအား မတွေ့ရှိရဘဲ နိုင်လင်း၏ ဇနီးဖြစ်သူ မနန်းထက်ဇော် (၃၃)နှစ်၊ () ဦးဇော်မင်းအား တွေ့ရှိရသဖြင့် နေအိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ NLD အလံသေး ၉ ခု၊ NLD တံဆိပ်ပါ အင်္ကျီ ၉ ထည်တို့အား တွေ့ရှိရသဖြင့် ထိန်းသိမ်းခဲ့ပါသည်။

            ထိုသို့ နိုင်ငံတော်အစိုးရမှ ကျောင်းနေအရွယ် လူငယ်၊ လူရွယ်များအား ပညာသင်ကြား နိုင်ရေးအတွက် ကျောင်းများပြန်ဖွင့်လှစ်၍ ကျောင်းအပ်လက်ခံနေခြင်းအား အနှောင့်အယှက်ဖြစ်စေရန် အတွက် ပညာသင်ကြားခွင့်ရရှိရေး ကျောင်းလာရောက်အပ်နှံသည့် လူငယ်၊ လူရွယ်များနှင့် ဆရာ၊ ဆရာမများအား ထိခိုက်ဒဏ်ရာရရှိအောင် ရည်ရွယ်၍ ကျောင်းရှေ့လမ်းပေါ်တွင် လက်လုပ်မိုင်း ထောင်ရန်ပြုလုပ်သူ ဝေယံကျော်နှင့် ထိုကဲ့သို့ပြုလုပ်ရန် ငွေပေး၍ စေခိုင်းသူများအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။