နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကိုတက်ရောက်ကြည့်ရှုအားပေး

Friday, October 18, 2024 - 16:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကိုတက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ - ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့နံနက်ပိုင်းတွင်  မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပလျက်ရှိသည့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)ပြိုင်ပွဲယှဉ် ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး‌ဒေါ်ကြူကြူလှ တို့နှင့်အတူ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ အနုသုခုမ ပညာရပ်ကို ချစ်မြတ်နိုးကြသည့်ပြည်သူများ တက်ရောက်အားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဝါသနာရှင်အဆင့်(ပထမတန်း)အမျိုးသမီးပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ် ညီညာစွာအသုံးပြု၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်   ပြည်နယ် အလိုက် ဆိုင်းဝိုင်းအဖွဲ့များ၏ ပံ့ပိုးတီးခတ်မှုနှင့်အတူ  အနုသုခုမရသစုံလင်လှသည့်  ဆို၊ငို၊ ပြော အကအလှများဖြင့် ကကြိုးကကွက်စုံလင်စွာ ယှဉ်ပြိုင်ကပြဖျော်ဖြေနေမှုကို ကြည့်ရှု အားပေးကြသည်။

ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ် ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး နှင့်အဖွဲ့ဝင်များသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) News Briefing Room ၌ကျင်းပသည့် အခြေခံပညာအဆင့် အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း (အမျိုးသမီး)(ဂီတာ) အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဝေဘာဂီရိ” (ကြိုး) သီချင်းအား သီချင်း၏ ရသပေါ်လွင်စေပြီး နားဆင်သူများ နားဝင်ပီယံရှိစေရန် လက်စွမ်းပြတီးခတ် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ် ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။