၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့်သန်းခေါင်စာရင်းအကောက်မခံရသေးသောပြည်သူများအား အောက်တိုဘာ (၃၁)ရက်နေ့အထိ ဆက်လက်ကောက်ယူပေးသွားမည်  နေပြည်တော် ၊ အောက်တိုဘာ (၁၆)

Wednesday, October 16, 2024 - 16:15

၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း များကို စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် အောက်တိုဘာ (၁)ရက်မှ (၁၅)ရက် နေ့အထိ (၁၅)ရက်ကြာ ကောက်ယူခဲ့သည်။

ထိုသို့ကောက်ယူခဲ့ရာတွင် စာရင်းစစ်၊ စာရင်းကောက်များသည် CAPI နည်းပညာ ဖြင့် Mobile Tablet များ အသုံးပြုကာ ကောက်ယူ မေးမြန်းလျက်ရှိပါသည်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန်သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်ယံ အချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခု ကို တစ်အိမ်တက်ဆင်း စနစ်ဖြင့် စနစ်တကျ မေးမြန်းကောက်ယူခဲ့သည်။

ဒါ့အပြင် စာရင်းစစ်၊ စာရင်းကောက်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ပြန်ပြဋ္ဌာန်းထားသည့် သန်းခေါင်စာရင်းဥပဒေနှင့်အညီ အကာအကွယ် ပေးထားသကဲ့သို့ ပြည်သူများ၏ ဖြေကြားချက်များနှင့် အချက်အလက်များကိုလည်း လုံခြုံစိတ်ချမှုရှိစေရန်၊ ဘက်လိုက်သော ခန့်မှန်းမှုများ မရှိစေရန်အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက် နေ့မှ (၁၅) ရက်နေ့အထိ ကောက်ယူခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း အကောက်မခံရသေးသော ပြည်သူများအနေဖြင့် သန်းခေါင်စာရင်း ပြန်လည် ကောက်ခံနိုင်ရေး အတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုသန်းခေါင်စာရင်းကော်မတီနှင့် မြို့နယ်သန်းခေါင် စာရင်းကော်မတီထံသို့ ဆက်သွယ်နိုင်ပြီး ဆက်သွယ်လာသည့် ပြည်သူများအား ပြန်လည် စာရင်းကောက်ယူပေးသွားမည်ဖြစ်ကြောင်းနှင့် ဆက်သွယ်မေးမြန်း အကြောင်းကြားလိုပါက ဖုန်းနံပါတ် ၀၆၇ - ၄၃၁၀၆၂ ၊ ၀၆၇ - ၄၃၁၃၅၉ ၊ ၀၆၇ - ၄၃၁၀၆၇၊ ၀၆၇- ၄၃၁၃၃၉ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။