တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများကို အခြေခံစစ်ပညာနှင့်တန်းမြင့်စစ်ပညာသင်တန်းများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ခံယူချက်မြင့်မာပြီး အရည်အချင်း ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ် များမှ လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ နယ်မြေခံ သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိုးရာသီစခန်းချလေ့ကျင့်ရေးဆောင်ရွက်နေမှု အခြေအနေများကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက သွားရောက်၍ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လက်နက်ငယ်ဘာသာရပ် လေ့ကျင့်သင်ကြားပေးနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက်စားသောက်ဖွယ် ရာများထောက်ပံ့ပေးအပ်သည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် သင်တန်းသားများ၏ အိပ်ဆောင်နှင့် စားရိပ်သာခန်းမအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။