ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ ၁၄ ရက်

Monday, October 14, 2024 - 16:00

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ ကျေးရွာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဆေးရုံ၊ဆေးခန်းများ၊ ဌာနဆိုင်ရာ အဆောက် အဦများ၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နှုန်းများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်း အပါအဝင်အခြား လိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။ 

အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် အတွင်းရှိကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် တာဝန်ရှိသူများက လွိုင်လင်မြို့ရှိ မင်္ဂလာ အနောက်ကျောင်းတိုက်၌ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ လွိုင်လင်မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာဗလ အားဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။