မြန်မာနိုင်ငံကဒုတိယအကြိမ်အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၈) ကြိမ် မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး 18th ASEAN Navy Chiefs' Meeting (18th ANCM) ကို အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များတက် ရောက်ခဲ့ကြသည်။
အစည်းအဝေးအား သဘာပတိကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ထိန်ဝင်းက ဦးဆောင်၍ကျင်းပခဲ့ပြီး အစည်းအဝေးတွင် အာဆီယံရေတပ် ဦးစီးချုပ်များအတွက် Welcome Video Clip အားပြသခဲ့သည်။ အစီအစဉ်အရ ဆွေးနွေးပွဲခေါင်း စဉ်ဖြစ်သော “ငြိမ်းချမ်းကြွယ်ဝသောဒေသဆီသို့ တက်ညီလက်ညီ လှော်ခတ်ခြင်း” Sailing Together: Harmony to Peace and Prosperity အား အိမ်ရှင်မြန်မာနိုင်ငံ အပါအဝင် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရေတပ်ဦးစီးချုပ်များ၊ ဒုတိယရေတပ်ဦးစီးချုပ်များနှင့် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန၊ ဒုတိယ အကြီးအကဲတို့က နိုင်ငံအလိုက် ဆွေးနွေးခဲ့ကြပြီး စင်ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ရေတပ်ဦးစီးချုပ်များက Video Tele-Conference (VTC)ဖြင့်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှရေတပ် ဦးစီးချုပ် များက Video Message ပေးပို့၍ လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် သတင်းအချက် အလက်ဖလှယ်ခြင်းအစီအစဉ်နှင့် အနာဂတ်တွင် ဆောင်ရွက်မည့် အစီအစဉ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး (၁၈)ကြိမ် မြောက်အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအား အတည်ပြုခဲ့ကြသည်။
ဆက်လက်၍ သဘာပတိ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး (၁၈)ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များအစည်းအဝေးအခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း က အစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်များအား နှစ်နိုင်ငံသီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံရေတပ်များ အကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ ရပ်များ၊ အာဆီယံ အဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ် များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် သဘာဝဘေး အန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် နှစ်နိုင်ငံရေတပ်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ အလားတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရေတပ်ဦးစီးချုပ်များ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များသည်လည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများ အပြန် အလှန်ပြုလုပ်ခဲ့ကြသည်။
ညပိုင်းတွင်(၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (18th ANCM) သို့တက်ရောက်လာကြသည့် ရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များအား ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို နေပြည်တော်ရှိ M- Gallery Hotel ၌ ကျင်းပပြု လုပ်ရာ အာဆီယံနိုင်ငံများမှရေတပ်ဦးစီးချုပ်များ၊ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စား လှယ်များနှင့် တပ်မတော်(ရေ)မှအရာရှိကြီး များတက်ရောက်ခဲ့ကြသည်။ ညစာစားပွဲ အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း က နှုတ်ခွန်း ဆက်စကား ပြောကြားပြီး(၁၉) ကြိမ်မြောက်အစည်းအဝေး၏ အလှည့်ကျ အိမ်ရှင်နိုင်ငံ ဖြစ်သော မလေးရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အား တာဝန် လွှဲပြောင်းပေးအပ်ခဲ့ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။
အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိ နေစဉ်အတွင်း နေပြည်တော်ရှိ သူရဲကောင်းဗိမာန်သို့သွားရောက်၍ အထိမ်းအမှတ် ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းဖြင့် အလေးပြုခြင်း၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက်ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လည်း ကောင်း၊ ဥပါတသန္တိစေတီတော်နှင့် ရတနာဆင်ဖြူတော်သို့ လည်းကောင်း၊ ကျောက်မျက်ရတနာပြတိုက်သို့လည်းကောင်း၊ အမျိုးသားပြတိုက်(နေပြည်တော်)သို့ လည်းကောင်း၊ M-Gallery Hotel ၌ ရေတပ်စခန်းဌာနချုပ်များမှ ခင်းကျင်းပြသ ထားသော အမှတ်တရပစ္စည်းအရောင်းဆိုင်များသို့လည်းကောင်း၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်၊ ဗိုလ်ချုပ်ဈေးနှင့် Junction City များသို့လည်းကောင်း လေ့လာလည်ပတ် ခဲ့ကြသည်။
(၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး 18th ASEAN Navy Chiefs' Meeting (18th ANCM) သို့ တက်ရောက်ခဲ့ကြသော အာဆီယံ ရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာကြရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။