၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ဆက်လက်ကောက်ယူ နေပြည်တော် ၊ အောက်တိုဘာ (၁၁)

Friday, October 11, 2024 - 16:30

၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ကို စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် အောက်တိုဘာ (၁)ရက်မှ (၁၅)ရက် နေ့ အထိ (၁၅) ရက်ကြာ ဆောင်ရွက်လျက်ရှိနေပြီး ယနေ့ (၁၁)ရက်မြောက်နေ့အဖြစ် ဆက်လက် ကောက်ယူလျက်ရှိပါသည်။

ထိုသို့ကောက်ယူလျက်ရှိရာတွင် စာရင်းစစ်၊ စာရင်းကောက်များသည် CAPI နည်းပညာဖြင့် Mobile Tablet များ အသုံးပြုကာ ကောက်ယူမေးမြန်းလျက်ရှိပါသည်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန် သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်ယံ အချိန်ဖြစ်ပြီး အိမ်ထောင်စု မေးခွန်းပုံစံ အတွက် မေးခွန်း ၆၈ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ခု ကို တစ်အိမ် တက်ဆင်း စနစ်ဖြင့် စနစ်တကျ မေးမြန်းကောက်ယူလျက်ရှိပါသည်။

အဆိုပါ သန်းခေါင်စာရင်းမှရရှိသည့် ရှေ့ပြေးလူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်း ကောက်ယူခဲ့ သည့်စာရင်းများ နှိုင်းယှဉ်သုံးသပ်ကာ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များ အတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ရရှိနိုင် မည်ဖြစ်သည်။ ဒါ့ကြောင့် ပြည်သူများအနေနဲ့ မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့်  နိုင်ငံတော်၏ အနာဂတ်၊ ပြည်သူများ၏ မျှော်လင့်ချက်များနှင့် လိုအပ်ချက်များကို ပုံဖော်ပေးနိုင်မည်ဖြစ်သည့် အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြ ရန် အထူးလိုအပ်ပါသည်။

ဒါ့အပြင် စာရင်းစစ်၊ စာရင်းကောက်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ပြန်ပြဋ္ဌာန်းထားသည့် သန်းခေါင်စာရင်းဥပဒေနှင့်အညီ အကာအကွယ်ပေးထားသကဲ့သို့ ပြည်သူများ၏ ဖြေကြားချက်များနှင့် အချက်အလက်များကိုလည်း လုံခြုံစိတ်ချမှုရှိစေရန်၊ ဘက်လိုက် သော ခန့်မှန်းမှုများ မရှိစေရန်အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် သန်းခေါင်စာရင်းကောက်ယူရမည့် ကာလကို (၁၅)ရက် သတ်မှတ်ထားသော်လည်း လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများအရ ရက်တိုးမြှင့်ကောက်ယူရန် လိုအပ်ပါက သက်ဆိုင်ရာ နေပြည်တော် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီများ အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သော နေရာဒေသများတွင် ရေဘေးသင့် အိမ်ထောင်စုများ များစွာရှိနေသည့်အတွက် စာရင်းများ မထပ် မကျန်စေရန် ကောက်ယူနိုင်ရေးအတွက်လည်း စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။