မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှုလွယ်ကူအဆင်ပြေချောမွေ့ စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများပြေးဆွဲဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်မြို့ပတ် ရထားလမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်အတူ စပိန်နိုင်ငံမှ ဝယ်ယူရောက်ရှိ လာသည့် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် အမှတ်(၁၅) အဆန်နှင့် ပဲခူး-ရန်ကုန်ခရီးစဉ် အမှတ်(၁၆) အစုန် လူစီးရထားများ စတင်ပြေးဆွဲခြင်းအခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး စတင်ပြေးဆွဲလျက်ရှိရာ ရထားစီးခရီးသည် စီးနင်းမှု များပြားကြောင်း သတင်းရရှိသည်။
ခရီးသည်စီးနင်းမှုအနေဖြင့် ပဲခူး-ရန်ကုန် ခရီးစဉ်တွင် နေ့စဉ်ပျမ်းမျှရထားစီးခရီးသည် ၈၀၀ ခန့် နှင့် ရန်ကုန်-ပဲခူး ခရီးစဉ်တွင် ပျမ်းမျှ ခရီးသည် ၇၀၀ ကျော်ခန့် လိုက်ပါစီးနင်းကြောင်း သိရှိရသည်။ DEMU ရထားစတင်ပြေးဆွဲသည့် အောက်တိုဘာ ၂ ရက်နေ့မှယနေ့အထိ (၁၀)ရက်အတွင်း ခရီးသည် စုစုပေါင်း ၁၄,၂၁၆ ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရှိရသည်။
ခေတ်မီ လေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းများအသုံးပြု၍ ရန်ကုန်-ပဲခူး ခရီးစဉ်အား ပြေးဆွဲနိုင်ခြင်းဖြင့် ရထားစီးခရီးသွားပြည်သူများအတွက် စိတ်အေးချမ်းသာစွာဖြင့် အဆင့်မီမီ လိုက်ပါ စီးနင်းနိုင်စေပြီး၊ ပဲခူးမြို့တွင်းနှင့် ရန်ကုန်မြို့တွင်းသို့ ယာဉ်ကြောပိတ်ဆို့မှု မရှိဘဲ အချိန်တိုအတွင်း ရောက်ရှိစေပြီး၊ ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းနိုင်မှုကြောင့် ခရီးသည် များ ကြိုက်နှစ် သက်ကြပြီး ရထားစီးခရီးသည် စီးနင်းမှုများပြားလျက်ရှိသည်။
အဆိုပါ အမှတ်(၁၆)အစုန် ပဲခူး-ရန်ကုန် DEMU ရထားသည် ပဲခူးဘူတာမှ နံနက် (၆) နာရီ တွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက်(၈)နာရီ(၂၀)မိနစ်တွင် ရောက်ရှိပြီး၊ အမှတ်(၁၅) အဆန် ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန်ဘူတာမှ ညနေ(၄)နာရီ(၄၅)မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ညနေ (၇)နာရီ(၅)မိနစ်တွင် ရောက်ရှိသဖြင့် ပဲခူးမှ ရန်ကုန်သို့ အလုပ်သွားအလုပ်ပြန် အဆင်ပြေမှုရှိကြောင်းနှင့် လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူစုစုပေါင်း(၁၂) ဘူတာတို့တွင် ရပ်တန့်ပေးခြင်းကြောင့် လမ်းခရီးတွင် လိုက်ပါစီးနင်းကြသူများအတွက်ပါအဆင်ပြေမှု ရှိကြောင်း၊ DEMU ရထားတွဲဆိုင်းတွင်ခရီးသည် ရပ်စီး/ထိုင်စီး စုစုပေါင်း(၈၃၂)ဦး စီးနင်းလိုက်ပါနိုင်ပြီး ခရီးသွားလက်မှတ်ခအနေဖြင့် ခရီးစဉ်အစမှအဆုံးထိ တစ်ဦးလျှင် ၂၅၀၀/- ကျပ်နှင့် ခရီးတစ်ဝက် လိုက်ပါစီးနင်းပါက ၁၃၀၀/- ကျပ်နှုန်းသတ်မှတ်ထားမှုကြောင့် ခရီးသည်များကြိုက်နှစ်သက်ကြပြီး ရထားစီးခရီးသည် စီးနင်းမှုများပြားလျက်ရှိကြောင်း သိရှိရသည်။
မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာ နိုင်စေရေး ခေတ်နဲ့အညီ ခေတ်မီလူစီးတွဲများထုတ်လုပ်ခြင်း၊ ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ဘူတာရုံများ အဆင့်မြှင့်တင်ရေးအတွက် အစဉ်ကြိုးပမ်း ဆောင်ရွက်လျက် ရှိနေ ပါကြောင်း သတင်းရရှိပါသည်။