၂၀၂၄ခုနှစ်၊တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစား ကြသည်။
၂၀၂၄ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (၃၁)ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊လေ)တိုက်ကွမ်ဒို ပြိုင်ပွဲကို ဇေယျာသီရိ အားကစား ရုံ(A)တွင်ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ဝိတ်တန်းအလိုက်အတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် တပ်မတော်တိုက်ကွမ်ဒို လက်ရွေးစင်ကစားသမားများက သရုပ်ပြခြင်းများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်း အနားဆက်လက်ကျင်းပရာ ဝိတ်တန်းအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် အကောင်းဆုံး ကစားသမားဆု ရရှိသည့်အားကစားသမားများအား တပ်မတော်တိုက်ကွမ်ဒိုကော်မတီ အတွင်းရေးမှူးက လည်းကောင်း၊ အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးဒိုင်ဆုရရှိသူများအား မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်မှ ခါးစည်းကော်မတီဥက္ကဋ္ဌက လည်းကောင်း၊ အတိုက်ဝိတ်တန်းအလိုက် ဆုဖလားရရှိသည့်အသင်းနှင့် ကကွက်တံခွန်စိုက်ဆုဖလား၊ အတိုက်တံခွန်စိုက်ဆုဖလားရရှိသည့် အသင်းများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူ တစ်ဦးကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တံခွန်စိုက်ဆုဖလားကို ရွှေ ၁၀ ခု၊ငွေ ၇ ခု၊ ကြေး ၄ ခုရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းအား တပ်မတော်တိုက်ကွမ်ဒိုကော်မတီဥက္ကဋ္ဌ ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထိုပြင်တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဘောလီဘော်ပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ (B)တွင် အမျိုးသား/အမျိုးသမီး အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို လည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲ ကို ဇေယျာသီရိအားကစားရုံ (C)၌ အားကစားအမျိုးအစားအလိုက်ဗိုလ်လုပွဲ ပွဲစဉ်များကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်း ပြိုင်ပွဲကို စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားရုံတို့၌လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။