နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွ စွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စာသင်ကျောင်းများ၊ ဆေးရုံ၊ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက် အဦများ၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့ သည့် နှုန်းများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်း အပါအဝင်အခြား လိုအပ်သည် များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ယာယီရေဘေးရှောင်စခန်းများတွင် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ထောက်ပံ့ ပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ နှင့် အလှူငွေများကို အားတက်သရော ပေးအပ်လှူဒါန်းလျက်ရှိသည်။
၎င်းအပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လောပိတမြို့ရှိ ဘီးလူးချောင်း အမှတ်(၂)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ ရေကြီးရေလျှံမှုအခြေအနေများ၊ စက်ရုံအတွင်း ရေဝင်ရောက်မှုအခြေအနေများနှင့် ထိန်းချုပ်ခန်းအတွင်းရှိ စက်ကြံ့ခိုင်ရေးအခြေအနေများအား သွားရောက်စစ်ဆေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ရေဝင်ရောက်မှုနည်း အောင် သဲအိတ်များဖြင့် အတားအဆီးများ ပြုလုပ်နေမှုအခြေအနေများ၊ စက်ရုံအတွင်း ဝင်ရောက်နေသော ရေများအား ရေစုပ်စက်များဖြင့် စုပ်ထုတ်နေမှု အခြေအနေများ၊ စက်ယန္တာရားများဖြင့် ရေလွှဲတာဘောင်ပြုလုပ်နေသည့် အခြေအနေများအား ကြည့်ရှု အားပေးပြီး ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင် များသည် လောပိတ အမှတ်(၁)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိကြပြီး ထိန်းချုပ်ခန်းမှ လျှပ်စစ်ဓာတ်အားထုတ်လွှင့်နေမှု အခြေအနေများ၊ စက်များ ကြံ့ခိုင်မှု အခြေအနေများ စက်ရုံရေပိုလွှဲမှ ရေလွှဲထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
၎င်းအပြင် ရေကြီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများ ကိုလည်း လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည် ကောင်းမွန်စေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာပျက်စီးခဲ့သည့် လမ်း/ တံတားများကိုလည်း ယာယီသံဘောင် ဘေလီတံတားများ အစားထိုး၍ အမြန်ဆုံး ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိပြီး ပြုပြင်ရန်ကျန်ရှိနေသည့် လမ်း၊ တံတား များကိုလည်း အမြန်ဆုံးဆက်လက် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။