တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ကစား နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ ၄ ရက်

Friday, October 4, 2024 - 17:30

         ၂၀၂၄ခုနှစ်၊တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစား ကြသည်။

၂၀၂၄ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (A) တွင် ကကွက်ပြိုင်ပွဲ၊ ဝိတ်တန်းအလိုက်အတိုက်ပြိုင်ပွဲကို အသီးသီးယှဉ်ပြိုင်ကစားပြီး အားကစား အမျိုးအစား အလိုက် ပထမ၊ ဒုတိယ၊ တတိယဆု  ရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော် တိုက်ကွမ် ဒိုကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထိုပြင်တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဘောလီဘော်ပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ (B)တွင် အမျိုးသား ကွာတားအဆင့် ပတ်လည်ပွဲစဉ်များကို လည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲ ကို ဇေယျာသီရိအားကစားရုံ(C)၌ အားကစားအမျိုးအစားအလိုက် ဆီမီးဖိုင်နယ်ပွဲစဉ်များကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲကို စစ်ကြော ရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားရုံ၌လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ အကြိုဗိုလ်လုပွဲစဉ်အဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း နှင့် ကာကွယ်ရေးဦးစီးချူပ်ရုံး စခန်းမှူးရုံး ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားရာ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် ကိုယ်စားပြုအသင်းက ကာကွယ်ရေးဦးစီးချူပ်ရုံး စခန်းမှူးရုံး ကိုယ်စားပြုအသင်းအား၂ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ဗိုလ်လုပွဲသို့တက်ရောက်သည်။

     အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။