အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို နိုင်ငံတစ်ဝန်းစာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ခန့်ဖြင့် အောက်တိုဘာ (၁)ရက်မှ (၁၅)ရက်နေ့အထိ (၁၅)ရက်ကြာ ပြည်လုံးကျွတ်အဆင့် စတင်ဆောင်ရွက်လျက်ရှိပါသည်။ သန်းခေါင်စာရင်းရည်ညွှန်းချိန်မှာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာ(၃၀)ရက် ညသန်းခေါင်ယံ အချိန်ဖြစ်ပြီး အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း (၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း(၁၈)ကို မေးမြန်းကောက်ယူမည်ဖြစ်ပြီး ၂၀၂၄ခုနှစ်၊ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ဒီဇင်ဘာ လကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မနေ့ကနံနက်ပိုင်းမှ စတင်ကာ စာရင်းစစ်/ကောက်များဟာ CAPI နည်းပညာဖြင့် Mobile Tabletများအသုံးပြုကာ ကောက်ယူလျက်ရှိရာ ယနေ့မှာလည်း နေပြည်တော်ကောင်စီနယ်မြေအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် စာရင်းကောက်ကွက်ပေါင်း (၂၇၁)ကွက်ကို စာရင်းစစ်၊ စာရင်းကောက် (၂၃)ဦးဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အတွင်း စာရင်းကောက် ကွက်ပေါင်း (၁၀၀၀၀)ကျော်တွင် စာရင်းစစ်၊ စာရင်းကောက်ဦးရေ (၈၀၀)ကျော်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင် အတွင်းရှိ မြို့နယ်ပေါင်း ၂၇မြို့နယ်၌ စာရင်းကောက်ကွက်ပေါင်း (၁၉၇၆)ကွက်တွင် စာရင်းစစ်၊ စာရင်းကောက် ဦးရေ စုစုပေါင်း (၁၀၂၆)ဦးဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း စာရင်းကောက် ကွက်ပေါင်း (၂၆၈၃)ကွက်ကို စာရင်းစစ်၊စာရင်းကောက်ဦးရေ (၁၀၄၅)ဦးဖြင့် လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း စာရင်းကောက်ကွက်ပေါင်း(၁၁၅၄၀)ကို စာရင်းစစ်၊ စာရင်းကောက် ဦးရေ(၄၂၅၉)ဦးဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အတွင်း စာရင်းကောက်ကွက်ပေါင်း (၃၆၇၅)ကို စာရင်းစစ်၊ စာရင်းကောက်(၁၂၀၂)ဦးဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာရင်းကောက် ကွက်ပေါင်း(၁၅၆၈၆)ကွက်ကို စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း (၇၀၇၇)ဦးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ စာရင်းကောက် ကွက်ပေါင်း(၇၁၇၃)ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်၊ စေတနာ့ဝန်ထမ်း စုစုပေါင်း (၂၉၀၉)ဦးဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း စာရင်း ကောက်ကွက်ပေါင်း (၁၄၂၉၆)ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း(၅၄၇၈)ဦးဖြင့် လည်း ကောင်း ဆက်လက်ကောက်ယူလျက်ရှိပါသည်။
၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ နံနက်(၇)နာရီမှ ညနေ(၆)နာရီအတွင်း နေအိမ်များသို့ လိုက်လံကောက် ယူသွားမည်ဖြစ်ရာ ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်ကြရမှာဖြစ်ပါသည်။
သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေး အကြောင်းအရာများကို တစ်နိုင်ငံလုံးမှာရှိသော လူတိုင်းကို တစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းကောက်ယူ သည့် လုပ်ငန်းဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံ ခန့်ခွဲရေးလုပ်ငန်းများအတွက် ခိုင်လုံသော အခြေခံစာရင်းအင်း ကိန်းဂဏန်းများရရှိစေခြင်း၊ ယခင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများနှင့် ယခုကောက်ယူခဲ့သည့် သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက်များကို နှိုင်းယှဉ်ဆန်းစစ် လေ့လာနိုင်ခြင်း၊ လူမှုရေး၊ စီးပွားရေးနှင့် အခြားနမူနာ ကောက်စစ်တမ်းများအတွက် အခြေခံစာရင်းအင်းများ ရရှိနိုင်ခြင်း၊ သက်ဆိုင်ရာဒေသအလိုက် လိုအပ်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တွက်ချက်နိုင်ခြင်းစသော အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါသည်။