အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကြား သတင်းဖလှယ်ဆောင်ရွက်၍ ဖော်ထုတ်ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားတရားခံများအား လွှဲပြောင်းပေးအပ် နေပြည်တော်၊ စက်တင်ဘာ ၂၉

Monday, September 30, 2024 - 05:00

            မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း များတိုက်ဖျက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်  တရုတ်နိုင်ငံပြည်သူ့ လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့ကြား သတင်းဖလှယ်မှုများဆောင်ရွက်၍ တရားခံများ ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

            ထိုသို့နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကြား သတင်းဖလှယ်ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး ချန်တာဝေ့ ဦးဆောင်သော ဒုစရိုက်သမားများရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ချန်တာဝေ့နှင့် ရန်လျန့် အပါအဝင် တရုတ်နိုင်ငံသား တရားခံ ၂၀ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

            အဆိုပါဖမ်းဆီးရမိသော ချန်တာဝေ့ ပါ တရုတ်နိုင်ငံသား ၂၀ ဦးတို့အား တရုတ်နိုင်ငံ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သော အစောင့်အရှောက်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ တရုတ်နိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

            ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။