နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား နေပြည်တော် ၊  စက်တင်ဘာ ၂၇

Friday, September 27, 2024 - 16:30

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ     အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။

အခမ်းအနားသို့ ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒေါက်တာစိုးဝင်း၊ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊  ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား ရာတွင် စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ချက်နှင့်မူဝါဒများ ချမှတ်ပေးခဲ့ကြောင်း၊ အဆိုပါ လမ်းညွှန်ချက်များနှင့်မူဝါဒများကိုလည်း သက်ဆိုင်ရာ ကော်မတီများသို့ ဖြန့်ဝေပေး ထားပြီးဖြစ်ကြောင်း၊ လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မှုကိုလည်း သုံးသပ်နေရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် အပြီးဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အချိန်အကန့် အသတ်များရှိသည့်အတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် အလျင် အမြန်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း။

          နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရ သည့် အခြေခံပညာကျောင်းများကို အောက်တိုဘာလအတွင်း အမြန်ဆုံးပြန်လည် ဖွင့်လှစ် နိုင်ရေး လမ်းညွှန်မှာကြားထားသည့်အတွက် သတ်မှတ်ကာလအတွင်း ဖြစ်နိုင်သရွေ့ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများကိုလည်း သက်ဆိုင်ရာနယ်မြေအလိုက် ရေပြန်ကျချိန်များတွင် မိမိတို့၏ အိမ်များသို့  ပြန်လည်ပြီး အခြေချနေထိုင်နိုင်ရေးနှင့် ပျက်စီးမှုများ ပြုပြင်ပေးနိုင်ရေးကိုလည်း တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီပြီး ဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်းတံတားများနှင့် စပ်လျဉ်း၍ အဓိကလမ်းမကြီးများနှင့် လမ်းသွယ် များအလိုက် လမ်းပျက်စီးမှုများကို ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းခြင်း၊ လုံးဝ ပျက်စီးသွားသည့် တံတားများလက်တလောသွားလာနိုင်ရန် ယာယီတံတားများ ဆောင်ရွက်ပေးရန်နှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး လမ်းညွှန် မှာကြား ထားသည့်အတွက် အလေးထားဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် မြေပြင်စာရင်းမှန်ကန်ရေးမှာ အရေးကြီးသည့်အတွက် ကနဦး လိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံး မှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီက စာရင်းအချက် အလက်ကောက်ယူရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ သို့မှသာ အချက် အလက်မှန်မှန်ကန်ကန်သိရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း။

          ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှုအပိုင်းတွင် ယနေ့အချိန်ထိ ဆောင်ရွက် လျက်ရှိပြီး ဘေးဒုက္ခရောက်သည့်နေရာအားလုံးသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ မရောက်မရှိ မဖြစ်စေရေး အထူးသဖြင့်  လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများသို့ သက်ဆိုင်ရာ  တာဝန်ရှိသူများက နည်းလမ်းမျိုးစုံဖြင့် သွားရောက် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပျက်စီး ဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက် ပေးရမည့်အချက်များကို ဆွေးနွေးနိုင်ရန် တာဝန်ရှိသူများက အချက်အလက်များ ပေးပို့ထားပြီဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre)အနေဖြင့် စက်တင်ဘာ ၁၂ ရက်မှစတင်၍ လုပ်ငန်းများဆောင်ရွက်ပြီး စာရင်းကောက်ယူ၍ သက်ဆိုင်ရာသို့ အချိန်နှင့်တစ်ပြေးညီ ညွှန်ကြားချက်များ ထုတ်ပြန်ပေးနိုင်ရေးအတွက် နေ့ညတာဝန်ပေးအပ်ပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဦးစား ပေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ ကိုလည်း အဆင့်အလိုက် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနက တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ DMC အဖွဲ့များနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများ အလေးထား ဆောင်ရွက်နိုင်ရေးကို တွန်းအားပေးရမည်ဖြစ်ကြောင်း။

          နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပြင် အခြားဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၁ ရက်တွင် စတင်ဆောင်ရွက်မည့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ် အကြောင်းအရာသန်းခေါင်စာရင်း လုပ်ငန်းမစတင်မီ ကယ်ဆယ်ရေးစခန်းများမှ ရေဘေး သင့်ပြည်သူများ မူလနေရပ်သို့ အတတ်နိုင်ဆုံး ပြန်လည်ရောက်ရှိရန် လိုအပ်ပြီး  ထောက်ပံ့ပေးအပ်မှုများကို ဆွေးနွေးတိုင်ပင်ပြီး အတည်ပြုရာထား နှုန်းထားအပေါ် မူတည်၍ အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရေဘေး သင့်ပြည်သူများအနေဖြင့် မိမိနေရာ၊ မိမိဒေသရှိ ကိုယ့်အိမ်၊ ကိုယ့်ရာများသို့ ပြန်လည် သွားရောက်ပြီး အမြန်ဆုံးပြုပြင်နေထိုင်ခြင်းဖြင့်  လုံခြုံမှုရှိပြီး ရေရှည်ကောင်းမွန်သည့် လူမှုဘဝကို တည်ဆောက်နိုင်မည်ဆိုသည်ကိုလည်း တာဝန်ရှိသူများက ရှင်းလင်း ပြောကြားပေးရမည်ဖြစ်ကြောင်း၊ ရေဘေးသင့် ပြည်သူများ၏ နေအိမ်များနှင့်လမ်းများ၌ ကျန်ရှိနေသည့် သဲနုန်းများ၊ အမှိုက်များကို ဖယ်ရှားပြီး သန့်ရှင်းရေးလုပ်ငန်းများကို ပြည်သူများနှင့်အတူ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ထောက်ပံ့မှုအပိုင်းများတွင် လစ်ဟာမှုမရှိစေရေးအတွက် စနစ် တကျတွက်ချက်၍ ဆောင်ရွက်ပေးနိုင်ရေးအတွက် သေဆုံးမှု၊ အိုးအိမ်ပျက်စီးမှု၊ ကျောင်း များနှင့် သာသနိက အဆောက်အဦများပျက်စီးမှု၊ စိုက်ပျိုးရေးသီးနှံများ ပျက်စီးမှုနှင့် အခြားပျက်စီးမှုများကို ကဏ္ဍအလိုက်  တိတိကျကျ ဆွေးနွေးပေးကြရန်လိုကြောင်း။

          တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ဒေသ အလိုက် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေ၊ လက်ရှိနောက်ဆုံးအခြေ အနေ၊ တိုးတက်မှုအခြေအနေ၊  လမ်းတံတားပျက်စီးမှု၊ ပြန်လည်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ထိထိရောက်ရောက် ဆွေးနွေးပေးကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာစိုးဝင်းနှင့် ဦးကိုကိုလှိုင်တို့က ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ထားရှိမှု၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အလှူငွေ၊ အစားအသောက်နှင့် ဆေးဝါးများအပြင် လိုအပ်သည့်အခြား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးနေမှု၊ ရေဘေး သင့်ပြည်သူများ မူလနေရပ် ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနေမှု၊ ကော်မတီမှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိမှု၊  ပျက်စီးသွားသည့် နေအိမ်များ၊ ဆုံးရှုံး သွားသည့် ပစ္စည်းများနှင့် သေဆုံးသူများ အတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်နေမှု၊ ပြည်ပနိုင်ငံများမှလှူဒါန်းသည့် ပစ္စည်းများလက်ခံရရှိမှု၊ သတင်း အချက်အလက်နှင့် နည်းပညာ ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ် များအား အရေးပေါ်တုံ့ပြန်နိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း က ရာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် အခြေခံပညာကျောင်းများနှင့် ပညာရေးရုံးများ၏ ယာယီပိတ် ထားမှု၊ ပျက်စီးဆုံးရှုံးခဲ့မှု၊ ရေပြန်လည်ကျဆင်းသွားသည့် ဒေသများရှိ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေမှုနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ယာယီပိတ်ထားသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အစားထိုး ပြန်လည် သင်ကြားနိုင်ရန် အချိန်ဇယားများရေးဆွဲထားရှိမှုတို့ကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက ရေကြီး နစ်မြုပ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှု၊ သေဆုံး၊ ပျောက်ဆုံးခဲ့မှုအခြေအနေ၊ လမ်းပန်း ဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် လမ်းတံတားများအား ပြန်လည် ပြုပြင်တည် ဆောက်နေမှု၊ ရေနစ်မြုပ်မှုကြောင့် ရာသီသီးနှံစိုက်ဧကများကို အစားထိုး သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုနှင့် အလှူငွေများ၊ ထောက်ပံ့ရေး ပစ္စည်းများရရှိမှုအလိုက် ဖြန့်ခွဲပေးနေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးများဖြစ်ကြသည့် အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက လမ်းညွှန်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 တိုင်ဖွန်းမုန်တိုင်းရာဂိအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အချို့တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုများအနေဖြင့် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်း စာရင်း ဇယားများအရ နိုင်ငံ အဝှမ်း၌ မြို့နယ် ၁၁၀ မြို့နယ်မှ လူနေအိမ် ၁၁၅၀၀၂ လုံး၊  ရုံးဌာနအဆောက်အဦ ၁၂၉ လုံး၊ စာသင်ကျောင်း ၃၃၃ ကျောင်း၊ ဘာသာရေး ကျောင်း ၂၂၈ ကျောင်း၊ လမ်း/ တံတားပျက်စီးမှု ၁၃၅၈ ခု၊ လျှပ်စစ်မီးတိုင် ၅၆၂၂ တိုင်၊ ဆက်သွယ်ရေးတိုင် ၁၁၄ တိုင်၊ စပါးစိုက်ဧက ၇ သိန်း ၈ သောင်းကျော် ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၄၃၃ ဦး၊ မျောပါပျောက်ဆုံးသူ ၇၉ ဦး ရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် ၁၇၆၂၄၆ ကောင် ရှိကြောင်းသိရှိရပြီး ရေဘေးသင့် ဒေသများသို့ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေး ညီဆောင် ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre)ဖွဲ့စည်းပြီး ၂၄ နာရီ အရေးပေါ်ရုံးခန်း ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။