တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ တပ်ကုန်းမြို့၊ စန္ဒိမာရာမ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ စန္ဒိမာဓဇ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက် ကြသည်။
ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဂိုဏ်းထောက် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ စန္ဒိမာဓဇ ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်သည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာကြားကြသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများအား ဂိုဏ်းထောက် ပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) မှ အရာရှိကြီးများက ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက အသီးသီးပေးအပ် လှူဒါန်းကြရာ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းရခြင်းရည်ရွယ်ချက်အား တပ်မတော်အရာရှိကြီး တစ်ဦးမှ ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက် ဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိဇ္ဇောတက ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းသည်။
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရီ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘိုးဘွား ရိပ်သာတို့အတွက် တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ် လှူဒါန်းလျက်ရှိပြီး ယနေ့ လှူဒါန်းမှု အစုစုမှာ အလှူငွေ ကျပ် ၂၀၄ သိန်း ၆ သောင်း ၉ ထောင်ကျပ်၊ ဆန် ၅၁၇ အိတ်၊ ဆီ ၁၅၅ ပိဿာ ၁၀ ကျပ်သား၊ ပဲ ၁၅၅၁ ပိဿာ၊ ဆား ၁၅၅၁ ပိဿာ၊ ဆေးမျိုးစုံ ၇၅၆ ဘူးတို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။