နွားထိုးကြီးမြို့နယ်တွင် ကျေးရွာများမှ အဖိုးတန်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက လုယက်ယူဆောင်သွားကြောင်း မဟုတ်မမှန်လုပ်ကြံရေးသားလျက်ရှိ နေပြည်တော်၊ စက်တင်ဘာ ၂၀

Friday, September 20, 2024 - 16:30

          မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်က ကျေးရွာအတွင်း နေအိမ်များမှပစ္စည်းများနှင့် ကားလမ်းမကြီးတစ်လျှောက်ရှိ ကုန်စုံဆိုင်၊ ဖုန်းဆိုင် များမှ ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်ယူဆောင်နေကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

          ဖြစ်စဉ်အမှန်မှာ စက်တင်ဘာ ၁၇ ရက်က နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာကို PDF အမည်ခံ အကြမ်းဖက်သမားက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ  အကြမ်းဖက် သမားများ ထိခိုက်သေဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် စက်တင်ဘာ ၁၈ ရက်တွင်လည်း ဝက်လူးကျေးရွာကို လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်များမှပစ္စည်းများကို လုယက်ယူဆောင်ခြင်း မရှိခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

          တရားမဝင်ပြည်ဖျက်မီဒီယာများက PDF အမည်ခံအကြမ်းဖက်သမား၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးသွားခဲ့သည်ကို ဖုံးကွယ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။