နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်အပါအဝင်၊ အခြေခံအဆောက်အဦနှင့် လမ်းတံတားများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်

Monday, September 16, 2024 - 18:15

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန် နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပျက်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချောင်းရေနှင့် မြစ်ရေများ အဆက် မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊   မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅၆ မြို့ နယ်မှ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတား အချို့ ရေတိုက်စားပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာနအဆောက်အဦ၊ စာသင်ကျောင်း၊ အခြား အဆောက်အဦများအား ရေဝင်နစ်မြှုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်တွင်  လူနေအိမ် ၂၁၁၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၁၅၈၃၇၃ လုံး ရေဝင်နစ်မြှုပ်ခဲ့သဖြင့် သက်ဆိုင်ရာ တိုင်းဒေ သကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၄၃၈ ခု ဖွင့်လှစ်ပြီး အိမ်ထောင်စု ၄၂၈၅၈ စု၊ လူဦးရေ ၁၆၃၇၁၀ ဦးတို့ကို တပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။

ထိုကဲ့သို့ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်မှ  ရပ်ကွက်၊ ကျေးရွာတို့တွင် စက်တင်ဘာလ ၁၆ ရက် ညနေ ၄ နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ ပြည်သူ ၂၂၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။

ထို့အပြင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊   ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၈၄ မြို့နယ် တို့တွင် စက်တင်ဘာလ ၁၆ ရက် ညနေ ၄ နာရီအထိ ကောက်ယူရရှိသော စာရင်း များအရ အခြေခံအဆောက်အဦ၊ ကောက်ပဲသီးနှံနှင့် တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှု များအနေဖြင့် ရုံး/ဌာန အဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေး တိုင်များ ရေဝင်နစ်မြှုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင်သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံမျိုးစုံစိုက်ဧက ၆၄၃၀၈၁ ဧက ရေဝင်နစ်မြှုပ်ခဲ့ကြောင်း သတင်းရရှိသည်။