နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ (၁/၂၀၂၁) အစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား

Friday, May 28, 2021 - 16:00

 

နေပြည်တော် မေ ၂၈

စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ (၁/၂၀၂၁) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက် ရောက် ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် စာရင်းအင်းပညာ ဌာနပါမောက္ခ၊ မြန်မာနိုင်ငံ စာရင်းအင်းပညာအသင်းဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယခုကျင်းပသည့် စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် တွင် ပြင်ဆင်ဖွဲ့စည်းပြီး ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယခုကော်မတီ သည် ၂၀၁၃ ခုနှစ်တွင် ပထမအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် ပြဋ္ဌာန်းခဲ့သည့် ထိရောက်သည့်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး နေပြည်တော်သဘော တူညီချက် (Nay Pyi Taw Accord for Effective Development Cooperation) က ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ လက်တွေ့ကို အခြေခံသည့် ဆုံးဖြတ်ချက်နှင့် မူဝါဒချမှတ်ရန်ကိစ္စများအပေါ်တွင် မူတည်၍ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခု ၂၀၂၁ ခုနှစ် မတ် ၄ ရက်တွင် ဗဟိုကော်မတီအား ဝန်ကြီးဌာန ၁၄ ခု၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံခန့်ခွဲရေးကော်မတီများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စီးပွားရေးတက္ကသိုလ်မှ စာရင်းအင်းပညာဋ္ဌာန ပါမောက္ခ၊ မြန်မာစာရင်းအင်း ပညာအသင်းအပါအဝင် တာဝန်ရှိသူများနှင့် ဖွဲ့စည်းခဲ့ကြောင်း၊ အမျိုးသားစာရင်းအင်း ဆိုင်ရာ မူဝါဒ ၆ ရပ်ကို မူလကချမှတ်ခဲ့ကြောင်း၊ စာရင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီသည် ၂၀၁၃ ခုနှစ်ကပင် ဆောင်ရွက်လာခဲ့သည့် ကော်မတီဖြစ်သည့်အတွက် ရှိပြီးသားဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ရန် ကျန်ရှိသည့် အချက်အလက်များကို မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်ဖြင့် ဆောင်ရွက် သွားကြရန်မှာကြားလိုကြောင်း၊  ဗဟိုကော်မတီ အောက်တွင် လုပ်ငန်းအဖွဲ့ ၃ ဖွဲ့ (Cluster 1,2,3) ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် လက်တွေ့၊ စာတွေ့ ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံ၏ မရှိမဖြစ် အလိုအပ်ဆုံးအရာသည် အဆိုပါနိုင်ငံ၏ ပကတိရှိနေသည့် အခြေအနေများအလိုက် ဖော်ပြရန်လိုကြောင်း၊ ထိုသို့ဖော်ပြရာတွင်လည်း စာရင်းဇယား အချက်အလက်မှန်မှန်ကန်ကန် တိတိကျကျဖြင့် ဆောင်ရွက်နိုင်ရန် လိုအပ်သကဲ့သို့ ဌာန ဆိုင်ရာများနှင့် ဝန်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ စာရင်းများတိတိကျကျကောက်ယူနိုင်ရန် အပြည့်အဝပူးပေါင်းဆောင်ရွက်မှသာ မိမိတို့ နိုင်ငံ၏ စာရင်းဇယား အချက်အလက်များမှန်ကန်ပြီး ရရှိသည့် စာရင်းဇယားများ အရည်အသွေးပြည့်ဝနေမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၏ ယုံကြည်စိတ်ချမှု၊ ပြည်သူများမှ သတင်းအချက်အလက်များအပေါ်တွင် အားကိုးဆောင်ရွက်မှု၊ ဗဟိုအဆင့် နိုင်ငံတစ်ဝန်း လုံး၏ အချက်အလက်များအား ကြည့်ရှု၍ လမ်းညွှန်မှုများအား မှန်မှန်ကန်ကန်ဖြင့် ဆုံးဖြတ်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အကြီးအကဲထံသို့လည်း စာရင်းဇယားများ မှန်ကန် စွာဖြင့် တင်ပြနိုင်မည်ဖြစ်ကြောင်း၊ ယခုကော်မတီ၏ လုပ်ငန်းစဉ်တိုင်း၊ အဆင့်တိုင်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်သဖြင့် ကော်မတီဝင်များအားလုံးအနေဖြင့် စနစ်တကျ ဆောင်ရွက်သွားကြစေလိုကြောင်း၊ နှစ်စဉ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ဝေ သည့် Myanmar Statistical Yearbookသည် စာရင်းအင်း အချက်အလက် ကောက်ယူမှု မှန်ကန်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည် အသွေး ပြည့်ဝရေးဗဟိုကော်မတီအနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် စာရင်းအင်းလုပ်ငန်းစဉ်များ ပီပြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ခိုင်မာပြီး အရည်အသွေးပြည့်ဝသည့် စာရင်းအင်းကိန်းဂဏန်းများ ထုတ်ပြန်နိုင်ရေး၊ စာရင်းအင်း ဆိုင်ရာ လွှမ်းခြုံမှုအားကောင်းစေရေး၊ ပုဂ္ဂလိကကဏ္ဍအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်း များ ဝန်ကြီးဌာနများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေးအတွက် ဆောင်ရွက်နေမှုများဖြင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေး မှူးချုပ် ဦးထွန်းဇော်ကက လုပ်ငန်းအဖွဲ့(Cluster)များ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ လုပ်ငန်းအဖွဲ့များ ပြန်လည်ဖွဲ့စည်းမှု၊ ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၀) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ စာရင်းအင်းဆိုင်ရာ အသိပညာ မြှင့်တင်မှု၊ အစည်းအဝေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများ၊ သန်းခေါင်စာရင်းနှင့် စစ်တမ်းကောက်ယူမှုများ၊ Survey Calendar ၊ စာရင်းအင်းများ ထုတ်ပြန် နေမှုများနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသား အဆင့်မဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စာရင်းအင်း အချက်အလက်မှန်ကန်စွာ ရရှိရေး ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြသည်။

ထို့နောက် စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟို ကော်မတီ (၁/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ရန်လျာထားချက်များကို ကော်မတီ အတွင်းရေးမှူးက ဖတ်ကြားတင်ပြ ပြီး အတည်ပြုချက်ရယူသည်။

ယင်းနောက် စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက မိမိတို့ဆောင်ရွက်နေသည့် စာရင်းအင်းများသည် နိုင်ငံတကာ စာရင်း အင်းစနစ်သို့ဝင်ရောက် ဆောင်ရွက်ရသည့် အချက်အလက်များဖြစ်သဖြင့် နိုင်ငံတကာ အဆင့်မီသည့် အချက်အလက်များဖြစ်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် စာရင်းများကောက်ယူရာတွင်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် သက်ဆိုင်ရာစာရင်းကောက်ယူမည့်အဖွဲ့များ အကျေအလည်ဆွေးနွေးမှု ပြလုပ်၍ လိုအပ်သည့်အချက်နှင့် တောင်းခံသည့်အချက်အလက်များပြည့်စုံစွာရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ စာရင်းအချက်အလက်များသည် နိုင်ငံအတွက်အရေးကြီး သဖြင့် စာရင်းများမှားယွင်းမှုမရှိစေရေး အလေးပေးဆောင်ရွက်ရန်လိုကြောင်း၊ စာရင်းများ ကောက်ယူသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာလိုအပ်ချက်များကိုသာမက ပြောင်းလဲလာသည့် စာရင်းကောက်ယူမှု နည်းပညာများကို မိမိတို့နိုင်ငံတွင် နားလည် တတ်ကျွမ်းသူများမွေးထုတ်၍ ပြည်ပမှီခိုမှုအနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ရေး စဉ်းစား ဆောင်ရွက်ကြရန်အကြံပြုလိုကြောင်း၊ နိုင်ငံတကာနှင့် အချက်အလက်များဝေမျှရာတွင် စာရင်းအချက်အလက်များမှန်ကန်ရန် လိုအပ်သကဲ့သို့ အချက်အလက်များအား ကောက်ခံ ခြင်းနှင့်ပေးပို့ခြင်းများ ဆောင်ရွက်ရာတွင်လည်း ခေတ်မီနည်းပညာများအသုံးပြု၍ အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရေး စဉ်းစားဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာန များအလိုက်ပေးပို့သည့် စာရင်းအချက်အလက်များသည် တိကျရန်၊ ခိုင်မာရန်နှင့် မှန်ကန်မှုရှိရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့အနေဖြင့် ကမ္ဘာ့စာရင်းအင်းစနစ်သို့ ဝင်ရောက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။