ဒီနေ့မှာတော့ ဆိုင်ကလုန်းမုန်တိုင်း ရာဂိနဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းငယ်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုများနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ အကြောင်း ပြောကြားလိုပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ ပတ်သက်ပြီး သတိပေးချက်တွေကို ဩဂုတ်လ ၂၉ ရက်နေ့ကနေစပြီး ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အင်အားကြီး ဆိုင်ကလုန်းမုန်တိုင်း ရာဂိရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရေကြီးရေလျှံမှု၊ မိုးသည်းထန်စွာရွာသွန်းမှု၊ မြေပြိုနိုင်မှု အခြေအနေတွေကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၉ ရက်နေ့က စပြီး ကျယ်ကျယ်ပြန့်ပြန့်သတိ ပေးလှုံ့ဆော်ခဲ့ပါတယ်။ ဒီလစက်တင်ဘာလ ၉ ရက်နေ့ တစ်ညတည်း မှာပဲ တပ်ကုန်း၊ နေပြည်တော်တစ်ဝိုက်မှာ မိုးရေချိန် ၁၁ လက်မခန့် ရွာသွန်းခဲ့ပြီး ချောင်းများရေကြီး ရေလျှံမှုဖြစ်ပွားပြီး ကျေးရွာများ၊ လူနေရပ်ကွက်များ ရေကြီးမှုတွေ၊ အိမ်ခြေ၊ လမ်းတံတား ပျက်စီးမှု များဖြစ်ပေါ်ခဲ့ပါတယ်။ အလားတူ နေပြည်တော်အပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်း အချို့နေရာတွေမှာ မြို့နယ် ၅၆ မြို့နယ်မှာ ရေကြီး၊ ရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ညပိုင်းအထိ ရရှိစာရင်းများအရ ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံးမှာ ရွှေ့ပြောင်းခဲ့ရတဲ့နေအိမ် ၇၂,၉၀၀ ကျော်ရှိခဲ့ပါတယ်။ အိမ်ထောင်စုပေါင်း ၇၈၀၀၀ ကျော်ရှိပါတယ်။ လူဦးရေအနေနဲ့ကတော့ ၃၂၀,၀၀၀ ကျော်ကို ဘေးကင်းရာ ယာယီ ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာ သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရရှိသူ ၁၄ ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ကြိုးစား ရှာဖွေလျက်ရှိပါတယ်။ အခုလိုဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရ အနေနဲ့ကူညီ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနဲ့ သက်ဆိုင်ရာ ဝန်ကြီးများအနေနဲ့လည်း သဘာဝဘေးဒဏ်သင့်ဒေသတွေကို ကိုယ်တိုင် ကွင်းဆင်းပြီး ဆောင်ရွက် ပေးလျက်ရှိပါတယ်။ အလားတူပဲ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ(Disaster Management Committee - DMC) အနေနဲ့လည်း ၂၄ နာရီ အရေးပေါ်ဖွင့်လှစ်ပြီး အချိန်နဲ့တစ်ပြေးညီ စီမံဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့များ၊ NGO အဖွဲ့များ၊ စေတနာရှင် ပြည်သူများအနေနဲ့လည်း တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်နေမှုများကို အားတက် ဖွယ်တွေ့ရပါတယ်။ ဒီနေရာမှာ ပြည်သူလူထုကို ကျွန်တော် အသိပေး ပြောကြားလိုတာကတော့ ပြည်ဖျက်မီဒီယာတွေ၊ အခြားသော မြန်မာနိုင်ငံအပေါ် ဖျက်လို့ဖျက်ဆီးလုပ်နေသူတွေဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ပေါင်းစည်းအားကို လျစ်လျူရှုပြီး ကျွန်တော်တို့ရဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို မှေးမှိန်အောင် ဆောင်ရွက်နေတာ နည်းမျိုးစုံနဲ့တွေ့ရပါတယ်။ ကောလာဟလနဲ့ ပြည်သူကို ပိုမိုစိုးရိမ်ထိတ်လန့်အောင် ဆောင်ရွက်နေကြပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုအနေနဲ့ ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာမှာ လူ ၇၀၀ ခန့် သေတယ်ဆိုပြီးတော့ ထုတ်လွှင့် နေတာလည်း တွေ့ရပါတယ်။ ဖြစ်စဉ်အမှန်ကတော့ အဲဒီ ကျေးရွာမှာ ကယ်ဆယ်ရေး အဖွဲ့များလည်း ရောက်ရှိပြီးဖြစ်ပါတယ်။ လူ ၈ ဦးသာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချို့ရှိပါတယ်။ ဒဏ်ရာရရှိသူများ ကိုလည်း ဆေးရုံ၊ ဆေးခန်းများကို ပို့ဆောင်ပေးပြီး ဖြစ်ပါတယ်။ မနေ့က နေ့လယ် ၁ နာရီ လောက်မှာ တောင်ငူဒေသ ဇရပ်ကြီး အနောက်ဘက်ရွာများ ကို ရွှေ့ပြောင်းကယ်ထုတ်စဉ်မှာ ကယ်ဆယ်ရေးအဖွဲ့ထဲမှာပါတဲ့ တပ်မတော်သားတစ်ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦး ရေစီးထဲ မျောပါပျောက်ဆုံးခဲ့ရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ သက်စွန့်ဆံဖျားပါဝင်နေတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များအပါအဝင် Volunteer ပြည်သူလူထု ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အားလုံးကို ဒီနေရာကနေ အသိအမှတ်ပြုကြောင်းပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကူညီကယ်ဆယ်မှု လုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် အကောင်းဆုံးနဲ့ အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေနဲ့ ကူညီကယ်ဆယ်ရေး နောက်ဆက်တွဲလုပ်ငန်းတွေ အဖြစ် ဆန်၊ ရိက္ခာ ဖိုးများအတွက် သတ်မှတ်ငွေနှုန်းထားတွေနဲ့ သေဆုံး၊ ဒဏ်ရာရသူများကို ငွေကြေးထောက်ပံ့ပေးမှာ လည်းဖြစ်ပါတယ်။ အိမ်ဆုံးရှုံးသူများကို စာရင်းကောက်ယူပြီး အိမ်ပျက်စီးမှု ရာခိုင်နှုန်းအပေါ်မူတည် ပြီး သတ်မှတ်နှုန်းထားများအတိုင်းလည်းထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရေဘေးသင့်သူများ ကယ်ဆယ်ရေးစခန်းမှာနေထိုင်ချိန်မှာ စားသောက်မှုအတွက် စားသောက် ဖွယ်ရာများကို သတ်မှတ်နှုန်းထားအတိုင်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ကူညီကယ်ဆယ်ရေး လုပ်ငန်း စဉ်များအတွက် အလှူငွေများလည်း ပေးအပ်နိုင်ပါတယ်။ Volunteer အလှူငွေများပေး အပ်တာတွေ၊ ထောက်ပံ့တာတွေကိုလည်း ကျွန်တော်တို့တွေ့ နေရပါတယ်။ ဒီအတွက်လည်း နိုင်ငံတော်အစိုးရ အနေနဲ့ အထူးကျေးဇူးတင် ရှိကြောင်း ပြောကြားလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ သဘာဝဘေး အန္တရာယ်နဲ့ရင်ဆိုင်နေရချိန်မှာ ကျွန်တော်တို့ရဲ့စုစည်း အားကို ပြသကြဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ ညီညွတ်တဲ့အင်အားကိုပြသဖို့လိုပါတယ်။ အဝေးမှာ နေပြီး မြန်မာနိုင်ငံရဲ့ ပျက်ရာပျက်ကြောင်းကို ဆောင်ရွက်နေသူများအနေနဲ့ မြန်မာနိုင်ငံအကျိုးကို ဘာမှလုပ်ဆောင်ပေး နိုင်မှာမဟုတ်ပါဘူး။ လုပ်ဆောင်ပေးမှာလည်း မဟုတ်ပါဘူး။ မိမိတို့ပြည်တွင်း အားနဲ့မိမိတို့ရဲ့ ပေါင်းစည်းအားနဲ့သာ ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။