တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန် နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာလ(၁၀)ရက်နေ့မှစတင်၍ နေရာအနှံ့အပြား မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့်မြစ်ရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အချို့နှင့် အခြားသော တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ မြို့နယ်အချို့တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထိုသို့ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တို့တွင် မြစ်ရေများမြင့်တက်ကာ ၎င်းမြစ်ချောင်းများအနီးရှိ ရပ်ကွက်/ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခြင်း၊ အချို့နေရာများရှိ ကားလမ်း၊ ရထားလမ်းများ ရေကျော်ခြင်း၊ တံတားအချို့ ပျက်စီးမှုများကြောင့် လမ်းပန်းဆက်သွယ်မှု ပိတ်ဆို့ခြင်းများ၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခြင်း၊ လူနေအိမ်များ ပျက်စီးခြင်းစသည့်တို့ ဖြစ်ပွားခဲ့သည့်အပြင် ရေကြီး ရေလျှံမှု ဖြစ်ပွားသော မြို့/ရွာများတွင် လျှပ်စစ်မီးများ ပြတ်တောက်ပြီး အခြေခံပညာ စာသင်ကျောင်းများကိုလည်း ခေတ္တပိတ်ထားရကြောင်း သိရှိရသည်။
ထိုသို့ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှကူညီရွှေ့ပြောင်းရန် လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီ နယ်မြေ ဘောဂသီရိကားဝန်းအနီး၊ ပင်လောင်းလမ်းဆုံ၊ ပျဉ်းမနားရွှေချီရပ်ကွက်၊ အေးမြင့်သာယာကျေးရွာ၊ ဘဲကုန်းကျေးရွာ၊ ကျောက်ချပ်ကျေးရွာ၊ အိုင်ဇောက်ကျေးရွာ တို့နှင့် အခြားရေကြီးရေလျှံဖြစ်ပေါ်နေသည့်နေရာများတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ၊ နေပြည်တော်ကောင်စီနှင့် စေတနာရှင်ပြည်သူများကလည်း ရေဘေးသင့်ပြည်သူများ စားသောက်ရေးအခက်အခဲ မရှိစေရေးအတွက် ထမင်းဘူးများ၊ ရေသန့်များနှင့် အခြားစားသောက် ဖွယ်ရာပစ္စည်း များကို လိုက်လံဝေငှပေးလျက်ရှိသည်။
အလားတူ ဇေယျာသီရိမြို့နယ်၊ သပြေပင်ကျေးရွာ၊ ရှားစေးဖိုကျေးရွာ၊ ကြို့ပင် ကျေးရွာ၊ ကြံဖိုစုကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများကိုလည်း ရေဘေးလွတ်ရာ လောကချမ်းသာဘုရားဝန်းသို့ လည်းကောင်း၊ နယ်မြေခံတပ်မတော် တပ်ရင်းတပ်ဖွဲ့ များတွင် ဖွင့်လှစ်ထားရှိသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ လည်းကောင်း၊ တပ်မတော်သားများက ကူညီရွှေ့ပြောင်းပေးခဲ့ပြီး အုပ်ချုပ်မှုကိစ္စများနှင့် စားရေး အဆင်ပြေစေရေး တို့အတွက် စီစဉ် ပေးထားကြောင်း သိရှိရသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း လက်တလောတွင် ရေဘေးသင့်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၃ စု၊ အိမ်ထောင်စုပေါင်း ၁၆၃၇၃ စုတို့မှ လူဦးရေ ၇၄၂၉၅ ဦး တို့ကို သက်ဆိုင်ရာ မြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်း ၂၆ ခု၌ ကူညီကယ်ဆယ်ရေးနေရာချထားပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် မင်းဘူး(စကု)မြို့နယ်၌ စက်တင်ဘာလ ၉ ရက်နေ့မှ စတင်ကာ မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေစက်တော်မန်းချောင်းအတွင်း၌ မန်းချောင်းရေများ တဖြည်းဖြည်း တိုးမြင့်ဝင်ရောက် စီးဆင်းလျက်ရှိရာ ယခုအခါတွင် အောက်စက်တော်ရာ နဂါးအိုင်ဘက်ခြမ်းမှစ၍ ရင်ပြင်တော်အထက်သို့ မန်းချောင်းရေများ စတင် ဝင်ရောက် စီးဆင်းနေပြီဖြစ်ကြောင်း၊ ၎င်းအပြင် မန်းရွှေစက်တော်ဘုရားကြီး အထက်ပိုင်းရှိ ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ၌ ယနေ့ညနေ ၆ နာရီအချိန် တိုင်းထွာချက်အရ ပင်မရေပိုလွှဲမှ ၃ ဒသမ ၄ ပေခန့် ရေကျော်စီးဆင်းပြီး အဆိုပါ မန်းချောင်းရေများက ရွှေစက်တော်မန်းချောင်း မှတစ်ဆင့် မင်းဘူး(စကု)မြို့နယ် အတွင်းသို့ ပိုမိုဖြတ်သန်း စီးဆင်းဝင်ရောက်လျက်ရှိကြောင်း၊ မိုးများအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ တောင်ကျ ချောင်းရေများ ထပ်မံစီးဆင်းဝင်ရောက်လာနိုင်သည့်အတွက် မန်းချောင်း အောက်ပိုင်း တစ်လျှောက်တွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုများကြောင့် မြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်အချို့တွင် သစ်ပင်လဲကျမှုဖြစ်ပွားခြင်း၊ ဆက်သွယ်ရေး တိုင်နှင့် လျှပ်စစ် မီးတိုင်လဲကျမှုများဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
၎င်းအပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့၊ ဗထူးတပ်မြို့၊ ရပ်စောက်မြို့၊ ကျိုင်းခမ်းမြို့၊ အောင်ပန်းမြို့၊ ကလောမြို့နှင့် နမ့်စန်မြို့၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နှင့် တောင်ငူမြို့အပါအဝင် အခြားမြို့နယ်များရှိ ရေဘေးသင့်ပြည်သူ များအား သက်ဆိုင်ရာ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတလူမှုရေးအသင်းများက ရေဘေးလွတ်ကင်းရာ နေရာများသို့ ကူညီရွှေ့ပြောင်း ပေးပြီး စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှုများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၏ တောင်ဘက် ကျောင်းကုန်း ကျေးရွာအနီး ရန်ကုန်-မန္တလေး ရထားလမ်း မိုင်တိုင် ၂၈၅/၆-၉ ကြားရှိ အမှတ်(၁) သံလမ်း သံကူကွန်ကရစ်တံတား၊ ပျော်ဘွယ်မြို့၏ မြောက်ဘက် ညောင်နွယ်ကျေးရွာရှိ ရန်ကုန်-မန္တလေးကားလမ်း(ဟောင်း) မိုင်တိုင် ၂၉၀(၁/၂) ကြားရှိ တံတားအမှတ် ၁/၂၉၁ သံကူကွန်ကရစ်တံတား၊ သာစည်မြို့၏ မြောက်ဘက်ရှိ စမုံရေထိန်းတမံ၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအုပ်စု၊ ကျောက်ဆောင်ကြီးကွေ့ ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီး သွားကားလမ်း၊ မိုင်တိုင် (၄၀/၁) မှ (၄၀/၂) ကြား နေရာနှင့် ကြပ်စခန်းကျေးရွာ အနီးတို့၌ လည်းကောင်း၊ ရမည်းသင်းမြို့နယ်ရှိ သမိုင်းဝင် ရွှေမြင်တင်စေတီတော်နှင့် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပြိုကျပျက်စီးခဲ့သည့် နေရာများအား လည်းကောင်း ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ နှင့်အတူ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေပြောင်းပေးခြင်း၊ လမ်း/တံတားများအား ပြန်လည်ပြုပြင်ခြင်း၊ ပြိုကျပျက်စီးခဲ့သည့် အုတ်တံတိုင်း များနှင့် အဆောက်အဦများအား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လမ်းများပိတ်ဆို့နေသည့် သစ်ပင်/သစ်ကိုင်များအား ခုတ်ထွင် ရှင်းလင်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးသည်။
ထိုသို့ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီးအားပေးစကားများပြောကြားကာ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယခုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြတ် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှု များကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အသိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။