မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ နေအိမ်အတွင်း ဝင်ရောက်ကာ ဓားပြတိုက်လုယက်မှုကျူးလွန်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၁၂

Thursday, September 12, 2024 - 15:15

          ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁(A)လမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားနေ ဦးရဲလင်းရွှေ (၄၇)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် YGN-22/7D-4547 Alphard အမျိုးအစားယာဉ်ဖြင့် အမျိုးသား ၇ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး ၎င်းတို့အနက်မှ အမျိုးသား ၄ ဦးက ဓား၊ သေနတ်များကိုင်ဆောင်၍ နေအိမ်အတွင်း ဝင်ရောက်လာကာ ဦးရဲလင်းရွှေ၏သမီးဖြစ်သူ မထက်နေရည်မောင် (၄)နှစ်အား ရိုက်နှက်၍ နေအိမ်ရှိ စူပါကပ်ဆိုင်ကယ် ၁ စီးနှင့် ထီး ၁ လက်တို့ အား ဖျက်ဆီးပြီး ဦးရဲလင်းရွှေပိုင်ဆိုင်သည့် MDY-14/6J-9817 SUZUKI အမျိုးအစားခဲရောင်ယာဉ်  ၁ စီး၊ IPhone 10 XR လက်ကိုင်ဖုန်း ၁ လုံးတို့အား ဓားပြတိုက်လုယက်ယူဆောင် ထွက်ပြေးသွားကြောင်း သတင်းအရ ပြည်ကြီးတံခွန်မြို့မရဲစခန်း(ပ)၂၂၈/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၂၃/၄၂၇ ဖြင့် အမှုရေးဖွင့်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

          အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ဖြင့် အခင်းဖြစ်ရပ်မှတ်တမ်းအထောက်အထားများရယူ၍ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ လုံခြုံရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများမှ သတင်း အချက်အလက်များရယူစုံစမ်းဖော်ထုတ်ခဲ့ရာ ည ၁၀ နာရီ ၄၅ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၈(D)လမ်းနှင့် မင်္ဂလာလမ်းထောင့်၌ ပြစ်မှုကျူးလွန်သူ တရားခံများ ဖြစ်ကြသည့် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ ဇွဲထက်(ခ)ဇောင်းထက်(၂၆)နှစ်(ဘ)ဦးရဲဝင်း၊ တစ်ရပ်ကွက်တည်းနေ ချမ်းငြိမ်းသူ(၂၅)နှစ် (ဘ)ဦးမြင့်သန်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်နေ ဟိန်းသန့်(၁၉)နှစ် (ဘ)ဦးကျော်မင်းထွန်း၊ တစ်ရပ်ကွက်တည်းနေ ဇင်မင်းခန့်(ခ) တရုတ်ကြီး(၁၉)နှစ် (ဘ)ဦးမိုးခိုင်၊ အောင်မြင့်မြတ်(ခ)ဆုပင်(၁၈)နှစ် (ဘ)ဦးအောင်ကျော်ကျော်မျိုး၊ အောင်မြင့်မြတ်(ခ)အောင်ဆန်းဦး(၁၉)နှစ် (ဘ)ဦးဝေလင်းအောင်၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို ရပ်ကွက်နေ စိုင်းခွန်ကျော်ဇော(ခ)ခွန်ကျော်(၃၀)နှစ်(ဘ)ဦးမောင်မောင်ဆွေတို့ ၇ ဦးအား ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုး/အသွား ၂၄ လက်မခန့်ရှိ ဓားရှည် ၁ ချောင်း၊ အရိုး/ အသွား ၃၄ လက်မခန့်ရှိ ဓားရှည် ၁ ချောင်း၊ အရှည် ၆ လက်မခန့်ရှိ ရဲဒင်း ၁ လက်၊ ပလပ်စတစ်ဖြင့် ပြုလုပ် ထားသည့် ကော်သေနတ်အနက်ရောင် ၁ လက်၊  YGN-22/ 7D-4547 Alphard အမျိုးအစား အနက် ရောင်ယာဉ်၊ MDY-14/6J-9817 SUZUKI အမျိုးအစားယာဉ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။         

           ဖြစ်စဉ်တွင် နေအိမ်အတွင်း ဝင်ရောက်ကာ ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူ ဇွဲထက်(ခ) ဇောင်းထက်ပါ တရားခံ ၇ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒုစရိုက်မှုကိုမလိုလားသည့် တာဝန်သိ ပြည်သူများနှင့် ပူးပေါင်းကာ အခင်းဖြစ်ပွားပြီးချိန်မှ အချိန်တိုအတွင်း သက်သေခံပစ္စည်းများနှင့် အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့််အညီ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။