ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  လျန်ယွင်ကန်မြို့၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရော

Tuesday, September 10, 2024 - 17:15

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  လျန်ယွင်ကန်မြို့၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၈ ရက်နေ့မှ          ၁၀ ရက်နေ့အထိ ၂၀၂၄ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်တက်ရောက် နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ရာ စက်တင်ဘာလ ၁၀  ရက်နေ့တွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၈ ရက်နေ့၊ ၁၃၁၅ နာရီတွင် ကွမ်ကျိုးမြို့၊ ရောက်ရှိ ခဲ့ရာ ယူနန်ပြည်နယ်၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး မစ္စတာလီလိ ဦးဆောင်သောအဖွဲ့မှ ကြိုဆိုခဲ့ ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၂၁၀ နာရီတွင် ကွမ်ကျိုးမြို့မှ လေကြောင်းခရီးစဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ လျန်ယွင်ကန်မြို့သို့ စက်တင်ဘာလ ၉ ရက် ၀၀၃၀ နာရီတွင် ရောက်ရှိခဲ့ပါသည်။

စက်တင်ဘာလ ၉ ရက်နေ့ ၀၉၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် လျန်ယွင်ကန်မြို့၊ ဟိုင်ကျိုး (Haizhou) Bayview Conference Center ၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားနှင့် ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ကာလရှည်ကြာ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကို ဖြစ်ပေါ်စေသော ရာဇဝတ်ဂိုဏ်းအုပ်စုများအား နိုင်ငံပေါင်းစုံ ပူးပေါင်းတိုက်ဖျက်ရေး၊  လူမှုဘဝတည်ငြိမ်ရေးနှင့် ပြည်သူတို့၏အသက်အိုးအိမ် ဘေးကင်း လုံခြုံမှုရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးနယ်ပယ်တွင် လက်တွေ့ဆန်သော ပူးပေါင်းဆောင်ရွက် မှုများပြုလုပ်ရေး၊ သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွ တိုက်ဖျက်ရေးတို့ကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ၁၅၁၀ နာရီတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံကာ နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် တရုတ်ယွမ်           ၅ သန်း တန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အကူအညီပေးရေးစာလွှာတို့အား နှစ်နိုင်ငံ ဝန်ကြီးများက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါသည်။ ဆက်လက်၍ ၁၈၃၀ နာရီတွင် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လျန်ယွင်ကန်မြို့ရှိ ရဲလုပ်ငန်းခွင်ဆိုင်ရာပစ္စည်း ကိရိယာများနှင့် နည်းပညာပြပွဲသို့ သွားရောက်လေ့လာခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အပြုသဘော ဆောင်သည့်ရလဒ်များကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။