အိန္ဒိယနိုင်ငံ၊ National Defence College သင်တန်းသားများ မြန်မာနိုင်ငံရှိ အထင်ကရ နေရာများသို့ လေ့လာရေးခရီးစဉ်အဖြစ် လာရောက်လေ့လာ နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာ ၅ ရက်

Thursday, September 5, 2024 - 18:00

          အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ National Defence College မှ အကြီးတန်း နည်းပြအရာရှိ(Senior Directing Staff)ဖြစ်သူ Major General Ajay Kumar Singh, AVSM, SM ဦးဆောင်သော သင်တန်းသားများသည် လေ့လာရေးခရီးစဉ်အဖြစ် မြန်မာ နိုင်ငံသို့ စက်တင်ဘာလ ၁ ရက်တွင် ရောက်ရှိခဲ့ကြသည်။

အဆိုပါ သင်တန်းသားများသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ သွားရောက်ဂါရဝပြုလေ့လာခြင်း၊ တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)နှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)သို့ သွားရောက် လေ့လာခြင်းများ ဆောင်ရွက်ကြသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၊ National Defence College သင်တန်းသားများသည် စက်တင်ဘာ ၃ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သွားရောက် လေ့လာကြရာ တာဝန်ရှိသူများက တက္ကသိုလ်၏သမိုင်းကြောင်းအား ရှင်းလင်းပြသ သည်။ ထို့နောက် အဆိုပါ လေ့လာရေးအဖွဲ့သည် ကျောင်းစာကြည့်တိုက်နှင့် ကျောင်းသမိုင်းပြတိုက်တို့အား လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။

          အဆိုပါလေ့လာရေးအဖွဲ့သည် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညိုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။ ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး အလှူငွေများပေးအပ်လှူဒါန်းကြကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

          အိန္ဒိယနိုင်ငံ၊ National Defence College မှ လေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။